KIA နဲ့ ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်း

ကချင်ပြည်နယ်ကို ၆ရက်ကြာသွားရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ KIA နဲ့ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် မနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။

KIA က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ တိုက်ပွဲတွေအရှိန်လျှော့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIA ဘက်က တောင်းဆိုလိုက်ကြောင်း ဦးမြအေးက ပြောကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ ကချင်ဒေသမှာ တိုက်ပွဲတွေ အရှိန်အဟုန်ပြင်းထန်နေတဲ့အတွက် ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးဆိုရင်၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရဆွေးနွေးပွဲမှာ KIA တက်ရောက်မယ်လို့ စကားပါးလိုက်ကြောင်းလည်း ဦးမြအေး က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် KIA က ထိန်းသိမ်းထားတဲ့ အစိုးရစစ်တပ်သုံ့ပန်း ၂၇ယောက်ကို အစိုးရဆီ ပြန်လည်လွှဲပြောင်းပေးဖို့ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စစ်ပွဲတွေအရှိန်လျှော့ချပြီးတော့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒေသကလူထုတွေရဲ့ သဘောထားဆန္ဒထုတ်ဖော်ခွင့်ရရှိအောင် ဖန်တီးနိုင်ဖို့ အရေးကြီးတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ဦးမြအေးနဲ့အတူ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ ဇန်နဝါရီလ ၁ရက်နေ့ကနေ ၆ရက်နေ့အထိ သွားရောက်ခဲ့ကြတာပါ။ သတင်းစာရှင်းလင်းပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် အပါအဝင် ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ မမီမီလွင်နဲ့ မစန်းစန်းမော် တို့က ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ကြပါတယ်။