၈၈ ကျောင်းသားခေါင်းဆောင် များ တောင်ကိုရီးယားကို ထွက်ခွာ
2013.05.14
တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူဖို့အတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဒီကနေ့ည ၁၁ နာရီက ထွက်ခွာသွားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဆုယူဖို့အပြင် အဲဒီမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ခရီးစဉ်မှာလိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို ပြောပါတယ်။
"၁၆ ရက်နေ့ကျလို့ရှိရင် ဂွမ်ဂျူးမြို့မှာ ဆွေးနွေးပွဲတစ်ခုရှိမယ်၊ အဲဒီညမှာပဲ ကိုမင်းကိုနိုင်ကို ဂွမ်ဂျူးလူ့အခွင့်အရေးဆု ပြန်ချီးမြှင့်မယ်၊ ၁၇ ရက်နေ့မှာလည်း ဆွေးနွေးပွဲတစ်ခုရှိမယ်၊ ကိုမင်းကိုနိုင် ဆွေးနွေးမယ်၊ ၁၈ ရက်မှာတော့ ၁၉၈၀ မေလ ဒီမိုကရေစီတော်လှန်ရေးမှာ ဂွမ်ဂျူးမှာကျဆုံးသွားတဲ့သူတွေ ဂုဏ်ပြုတဲ့အခမ်းအနားကို ကျနော်တို့တက်မယ်၊ တက်ပြီးတော့ အဲနေ့မှာပဲ ဆိုးလ်ကိုကျနော်တို့ပြန်မယ်၊ ၁ဂ ရက်နေ့မှာပဲ ကိုရီးယားမှာရောက်နေတဲ့ မြန်မာတွေနဲ့တွေ့ဆုံပွဲတစ်ခု ကျနော်တို့လုပ်မယ်"
၁၉၇၀နဲ့ ၈၀ တဝိုက်က တောင်ကိုရီးယားနိုင်ငံမှာ အာဏာရှင်ဗိုလ်ချုပ် ချန်ဒူးဝမ် အုပ်ချုပ်စဉ် ကျောင်းသားထုက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက် ဂွမ်ဂျူးမြို့လှုပ်ရှားမှုမှာ စစ်အာဏာရှင်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလူ့အခွင့်အရေးဆုကို နိုင်ငံတကာက ဦးဆောင်လှုပ်ရှားသူတွေကို ပေးအပ်နေတာဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဂွမ်ဂျူးမြို့က ဆုချီးမြှင့်ခဲ့တာဖြစ်ပေမယ့် အခုမှသွားရောက် လက်ခံရယူမှာဖြစ်ပါတယ်။
ဒါ့အပြင် မေလ ၁၉ ရက်နေ့မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ တောင်ကိုရီးယားနိုင်ငံကနေ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး National Endowment for Democracy အဖွဲ့က ပေးအပ်တဲ့ဆုကို လက်ခံရယူသွားမယ်လို့ သိရပါတယ်။
ကိုဂျင်မီကတော့ တောင်ကိုးရီးယားနိုင်ငံမှာ ကျန်ရစ်မှာဖြစ်ပြီး ဆိုးလ်မြို့တဝိုက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကပေးအပ်မယ့် ပြည်သူ့ဂုဏ်ရည်ဆုကို လက်ခံယူသွားမယ်လို့ သိရပါတယ်။