ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ဟာ မနက်ဖြန်မှာ မလေးရှားအစိုးရအဖွဲ့နဲ့ သွားရောက်ဆွေးနွေးဖို့ မြန်မာနိုင်ငံကထွက်ခွာမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်းက မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးဒဏ်ရာရခဲ့တာတွေရှိသလို တချို့လည်းဒဏ်ရာရတာရှိပြီး မြန်မာနိုင်ငံကို ပြန်လာကြသူတွေလည်း ရှိနေပါတယ်။ နောင်အလားတူ အဖြစ်မျိုးတွေ မကြုံရအောင် မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ နည်းလမ်းအဖြေရှာနိုင်ဖို့ သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ ၈၈မျိုးဆက်အဖွဲ့က ကိုဂျင်မီက RFA ကို ပြောပါတယ်။
"မလေးရှားမှာဖြစ်သွားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ မလေးရှားသံအမတ်နဲ့ ကျနော်နဲ့တွေ့ဖူးတယ်လေ၊ မလေးရှားကိစ္စတွေ ဝိုင်းဝန်းဆောင်ရွက်ကျတော့ သူကလည်းသွားစေချင်တယ်လေ၊ မလေးရှားမှာရှိတဲ့ မြန်မာကော်မတီတွေနဲ့တွေ့မယ်၊ တွေ့ပြီးနောက်ဆုံးအခြေအနေတွေ သုံးသပ်မှာပေါ့၊ မလေးနိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိနဲ့ မလေးရှားမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ရုပ်ပိုင်းဆိုရာ လုံခြုံမှုကိုပါ အရင်လိုပေးထားနိုင်ဖို့ နည်းလမ်းရှာဖွေကြမှာပေါ့၊ သူတို့ဘက်က အကြံဉာဏ်ပြုချက်တွေလည်းပါမှာပေါ့၊ ပြီးတော့ အဲဒီ့ဘက်က အချက်အလက်တွေလည်း ဗမာပြည်ပြန်ရောက်တဲ့အခါမှာ အစိုးရဘက်ကိုလည်း သတင်းတွေမျှဝေသွားမှာပါ"
အခုခရီးစဉ်ကို ၈၈မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင်နဲ့အတူ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီးတို့ လိုက်ပါသွားကြမှာဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ထိနေမှာဖြစ်ပါတယ်။
