မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲ (Derek Mitchell) နဲ့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်တွေ ဒီနေ့မှာ သင်္ဃန်းကျွန်းမြို့နယ်က ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေဖြစ်တယ်လို့ ကိုကိုကြီးက ပြောပါတယ်။
"အဓိကကတော့ အမေရိကန် မြန်မာ ဆက်ဆံရေးက မျက်နှာစာအသစ်ပေါ့နော်၊ အရင်တုန်းက ကျနော်တို့နိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ချိုးဖောက်မှုတွေကို ပြုပြင်ပြောင်းလဲ ဖို့ကို ရည်ရွယ်ပြီး ပိတ်ဆို့အရေးယူထားခဲ့တာတွေ ရှိတယ်၊ နောက်တော့ ပိတ်ဆို့အရေးယူတာရော ဆက်သွယ်ဆောင်ရွက်တာရော နှစ်ခုစလုံးကို သုံးတယ်၊ နောက်တဖြည်းဖြည်းနဲ့ အခုကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ မူတည်ပြီးတော့ ပိတ်ဆို့တာတွေကို လျော့ပေါ့လာတဲ့ပုံစံက ကျနော်တို့နှစ်နိုင်ငံ ဆက်ဆံရေးအသစ်ပေါ့၊ အဲ့ဒီအခြေအနေ မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ဆိုတဲ့ကိစ္စဟာ သူတို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ် ဆိုတာကို ကျနော်တို့ဆွေးနွေးဖြစ်တာပါ"
လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့လဲ ခြုံငုံသုံးသပ်ပြောဆိုကြတယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ အလုပ်လက်မဲ့များမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မယ့်အခြေအနေကို တွက်ချက်နေကြသလို၊ မြန်မာနိုင်ငံကနေ အမေရိကန်ကို ပို့ကုန်တွေအပေါ် အထူးအခွင့်အရေးအနေနဲ့ အခွန်ကင်းလွတ်ခွင့်ပြုဖို့ စဉ်းစားနေပါတယ်။
ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
