၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိ မစ္စတာ ဂျိတ် ဆူလီဗင်န် Jake Sullivan နဲ့ ပြီးခဲ့တဲ့နာရီပိုင်းက အိမ်ဖြူတော်မှာတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံလာစဉ်က သူတို့ ၈၈ အဖွဲ့က အကြံပြုလိုက်တဲ့ နှစ်နိုင်ငံစစ်ရေးဆက်ဆံမှုမှာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီခေတ်မီစစ်တပ်တစ်ခုဖြစ်အောင် အမေရိကန်အနေနဲ့ဝိုင်းဝန်းကြိုးပမ်းဖို့ကိစ္စကို အခုတစ်ကြိမ် ထပ်မံတိုက်တွန်းခဲ့တယ်လို့ ကိုကိုကြီးက RFA ကို ပြောပါတယ်။
"အိုဘားမား လာတုန်းကလည်း ကျနော်တို့ အကြံပြုခဲ့တာရှိတယ်၊ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း အရေးကြီးတယ်၊ အဲဒီတော့ ခေတ်မီတဲ့စစ်တပ်ဖြစ်အောင် ဝိုင်းပြီးတော့ကြိုးစားဖို့ စစ်ဖက်ဆိုင်ရာဆက်ဆံရေးကိုလည်း၊ ကျနော်တို့က ဥပမာအားဖြင့် အရာရှိတွေကိုလည်း နိုင်ငံတကာဥပဒေတွေ ဂျနီဗာကွန်ဗားရှင်းတို့၊ လူ့အခွင့်အရေးတို့၊ သဘာဝဘေးအန္တရယ်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံကတပ်မတော်တွေရဲ့ ပူးပေါင်းပါဝင်တဲ့အခန်းကဏ္ဍ စသဖြင့်ပေါ့လေ၊ ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်ကနေစပြီးတော့ ဆောင်ရွက်သင့်တယ်ဆိုတာကို ထပ်ပြီးတော့အတည်ပြုပြောခဲ့ပါတယ်"
သူတို့နှစ်ဦးဟာ ဇွန်လ ၇ ရက်နေ့မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာတော့ အမေရိကန် လွှတ်တော်ရေးရာကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ မစ္စတာ Jake Sullivan နဲ့ တွေ့ဆုံခဲ့တဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။