၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ တရုတ်သံအမတ်ကြီး ရန်ဟိုဟန်တို့နဲ့ ဒီနေ့မှာသီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဆွေးနွေးရာ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်လဲရေးဆိုင်ရာ ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။
"အမေရိကန်ခရီးစဉ်မှာ အမေရိကန်အစိုးရအနေနဲ့ အကူအညီပေးနိုင်မယ့်ကိစ္စတွေကို ဆွေးနွေးတယ်၊ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စရယ်၊ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ အရ ထောင်ချတဲ့ကိစ္စပေါ့၊ အဓိကထားပြီးတော့ ဆွေးနွေးတယ်၊ ဒါဟာဘယ်လိုမျိုးလဲ၊ အကြွင်းအကျန်ဆိုတာ ရှိသင့်တဲ့ကိစ္စလား ဆိုတာ ဆွေးနွေးတယ်၊ နိုင်ငံတကာ မိသားစုရဲ့အမြင်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေ လုပ်ဖို့အတွက်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမရှိသင့်တော့တဲ့ အနေအထားကို သူတို့လက်ခံထားတယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပိုပြီးအားကောင်းလာဖို့အတွက်လည်း အမေရိကန်အစိုးရအနေနဲ့ နီးနီးကပ်ကပ် အကူအညီပေးသွားမယ်၊ အဲဒီအတွက် အသင့်ရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောသွားတယ်"
နေ့လည်ပိုင်းမှာတော့ တရုတ်ပြည်သူ့သမ္မတသံရုံးက သံအမတ်ကြီး မစ္စတာ ရန်ဟိုးဟန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြည်သူချင်း ဆက်ဆံရေး၊ မြန်မာ၊ တရုတ်နယ်စပ် ဒေသဖွံ့ဖြိုးရေးအပြင် လူထုအခြေပြု အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ်သံအမတ်ကြီးနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဆွေးနွေးမှုဟာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ခုနှစ်တုန်းက ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ရယူဖို့အတွက် လာမယ့်မေလ၁၈ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
အဲဒီနောက် အမေရိကန်ပြည်ထောင်စုအခြေစိုက် National Endowment for Democracy က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့အတွက် တောင်ကိုရီးယားနိုင်ငံကနေတဆင့် အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာဖြစ်ပါတယ်။
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။