မြန်မာနိုင်ငံတရားစီရင်ရေးဟာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးစနစ်ဖြစ်ဖို့ လိုအပ်နေတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုခဲ့ပါတယ်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီး၊ ကိုဇော်မင်း၊ မနီလာသိန်းစတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ၅ရက်ကြာမြင့်မယ့် မွန်ပြည်နယ်ခရီးစဉ်အတွင်း ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီလင်း၊ သထုံ၊ မုတ္တမ၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်ခမီ၊ ရေးနဲ့ လမိုင်းမြို့တွေကို သွားရောက်ပြီး လူထုနဲ့တွေဆုံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးအတွက် မြန်မာပြည်အလယ်ပိုင်းကိုလည်း သွားရောက်ခဲ့ကြပါသေးတယ်။
မော်လမြိုင်မြို့ကိုရောက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီနေ့ နေ့လည် ၂နာရီမှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီပွဲမှာ တိုင်းရင်းသားတွေရဲ့ စာပေနဲ့ယဉ်ကျေးမှုကို လွတ်လွတ်လပ်လပ်သင်ကြားနိုင်ခွင့်တွေကို ဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက RFA ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့၊ ရှင်စောပုမွန်အမျိုးသမီးအဖွဲ့၊ ကရင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့အပါအဝင် စုစုပေါင်း ၁၀ ဖွဲ့လောက်နဲ့ဆွေးနွေးခဲ့တာလို့ ကိုဂျင်မီကပြောပါတယ်။
| ကိုဂျင်မီ အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |