ကြို့ကုန်းက ဆိုင်ရှင်တွေကို ၈၈ တွေကူညီ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ရပ်ကွက်က နှစ် ၃၀ စာချုပ်နဲ့ ရောင်းချထားတဲ့ ဈေးဆိုင်ခန်း ၂၂ ခန်းကို စည်ပင်သာယာက မနက်ဖြန် နောက်ဆုံးထား ဖယ်ရှားခိုင်းနေတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို အကူအညီ တောင်းခံခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တွေကို ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်က အခုလို ပြောပါတယ်။

"မနက်ကျတော့မှ ကျွန်မတို့နဲ့ ဆက်သွယ်တယ်။ ဆက်သွယ်တဲ့အခါမှာ သွားတယ်ပေါ့နော်။ ကျွန်မ ၈၈ အနေနဲ့ကတော့ အစိုးရနဲ့ ဒီသက်ဆိုင်ရာ စည်ပင်တွေကိုပေါ့နော်၊ မေတ္တာရပ်ခံတယ်။ လူမှုရေး စာနာထောက်ထားမှုတွေ အရပေါ့နော်၊ ပြောင်းရမဲ့ အချိန်ကလည်း အခုချိန်မှာ အဆင်သင့် မဖြစ်သေးတဲ့အတွက် သင့်လျော်တဲ့ အချိန်လေး တစ်ခုကို ပေးပါပေါ့နော်။ ပြီးတော့ သူတို့ ဒီဟာကိုဖျက်တာ ဘာကြောင့်လဲ ဆိုလို့ရှိရင်တဲ့ အဆင့်မြင့်ဈေး စီမံကိန်းလို့ပြောတယ်။ တကယ်လို့ အဆင့်မြင့်ဈေး စီမံကိန်း ဆိုလို့ရှိရင်လည်း ဒီဈေးကြီးပြီးလို့ရှိရင် သူတို့ကို နေရာဆိုင်ခန်းတွေ၊ သင့်လျော်တဲ့ နေရာဆိုင်ခန်းတွေ ပြန်ပေးဖို့ အတွက် ၈၈ အနေနဲ့ မေတ္တာရပ်ခံပါတယ်"

အဲဒီဆိုင်ခန်းတွေကို လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် သြဂုတ်လက စည်ပင်ဌာန အတွင်းရေးမှူးရဲ့ သားဖြစ်သူ ဦးဝဏ္ဏကြည်ဝင်း ဆိုသူက ကျပ်ငွေ ၄၅ သိန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လမှာ စည်ပင်သာယာက ဒီဆိုင်ခန်းနေရာတွေမှာ အဆင့်မြင့် ဈေးကြီးအဖြစ် တည်ဆောက်မှာ ဖြစ်တဲ့အတွက် အမြန်ဆုံး ဖယ်ရှားပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ မပြောင်းရွေ့ရရေးအတွက် နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဝန်ကြီး၊ စည်ပင်ဌာနနဲ့ လူ့အခွင့်အရေး ကောင်မရှင်အထိ အသနားခံစာ တင်ပြခဲ့ပေမဲ့ အကြောင်းမထူးဘဲ မနက်ဖြန် သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ ဖိအားပေးလာတဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို လာရောက် အကူအညီ တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆိုင်ခန်းပိုင်ရှင်တွေက လစဉ် စည်ပင်ခွန် ငါးသောင်းနှုန်း ပေးဆောင်ရသလို အမြတ်ခွန်၊ အမှိုက်ခွန် စတာတွေလည်း မှန်မှန်ပေးဆောင်ကြောင်း ပြောပါတယ်။ လူနေ နှစ်ထပ်ဆိုင်ခန်းတွဲတွေ ဖြစ်တဲ့အတွက် အခုလို ဖိအားပေး ပြောင်းရွှေ့ခိုင်းနေတာ ကြောင့် မိသားစုတွေအနေနဲ့ အခက်အခဲ ကြုံနေရကြောင်း သိရပါတယ်။