၈၈ မျိုးဆက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေအတွက် စေတနာ ဝဿန်လို့ နာမည် ပေးထားတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပဖို့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ M-3 စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် ဂီတ အနုပညာရှင်တွေက ပထမဆုံး ပံ့ပိုးကူညီတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဒီဂီတပွဲဟာ မျိုးဆက်သစ် ကျောင်းသားတွေနဲ့ ဂီတပညာရှင်တွေရဲ့ ညီညွတ်ရေး သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်တဲ့ပွဲဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အဲဒီ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ရန်ပုံငွေတကယ်လည်း လိုပါတယ်ခင်ဗျား။ တစ်ပြည်လုံးလှည့်ရတဲ့ ခရီးစဉ်တွေအတွက် အခက်အခဲလည်း ရှိပါတယ်။ အဲဒီအတွက်ပဲ ဂီတပွဲလုပ်သလို ကျွန်တော်တို့ အားလုံးဟာ တစ်စုံတစ်ခုသော အရာပေါ်မှာ အတူတူ ရပ်တည်ကြပြီ ဆိုတာကို အားလုံးကို အသိပေးချင်ပါတယ်။ အဲတာဟာ တရားမျှတတဲ့ လွှတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်းကို ကျွန်တော်တို့ အားလုံး သဘောတူတယ်။ အဲဒီသဘောတူတဲ့ လူတွေ ဟောဒီမှာ စုမိနေပြီ။ အဲဒီစုမိတဲ့ လူတွေအားလုံးဟာ ဂီတနဲ့စပြီးတော့ စာမျက်နှာဖွင့်ပြီ။ သမိုင်းသစ်ကို ကျွန်တော်တို့ ကျောင်းသား မျိုးဆက်တွေရယ်၊ ဂီတပညာရှင်တွေရယ် ပေါင်းပြီးတော့ သမိုင်းသစ်ရဲ့ နိဒါန်းအစ စာလုံးတစ်လုံးကို စရေးပြီလို့ အသိပေးချင်တဲ့ပွဲ ဖြစ်ပါတယ်ခင်ဗျား"

ဒီဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် မြန်မာ ကွန်ဗင်းရှင်းစင်တာမှာ လာမယ့်စက်တင်ဘာ ၁ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ခင်မောင်တိုး၊ ဇော်ဝင်းထွဋ်၊ ဆောင်းဦးလှိုင်၊ မေခလာ၊ ကော်နီ၊ ချစ်သုေ၀ စတဲ့ နာမည်ကျော် အဆိုတော် (၅၀) နီးပါး ပါဝင်သီဆိုကြမယ်လို့ သိရပါတယ်။ ဝင်ကြေးလက်မှတ်တွေကို တစ်သောင်း၊ တစ်သောင်းခွဲ၊ နှစ်သောင်း စသဖြင့် သတ်မှတ်ထားပြီး အခုလ (၂၀) ရက်နေ့က စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

မဇ္ဈိမလှိုင်း, Lazy Club, Metal Zone, ရွှေသံစဉ် စတဲ့ တီးဝိုင်း (၁၆) ဝိုင်းလောက် တီးခတ်ပေးမှာ ဖြစ်ပြီး ကဗျာရွတ်ပွဲ တစ်ခုပါ ပူးတွဲ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။