ခံဝန်လက်မှတ်ထိုးပြီး အာမခံယူဖို့ မနီလာသိန်းက ငြင်းဆို

0:00 / 0:00

လက်ပံတန်း ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့တဲ့အတွက် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း ကို ခံဝန်လက်မှတ်ရေး ထိုးပြီး အာမခံယူဖို့ မြို့နယ်တရားသူကြီးက တိုက်တွန်းပေမယ့် မနီလာသိန်းက မယူဘဲ ငြင်းဆိုလိုက်ပါတယ်။

သူ့အမှုအတွက် ရှေ့နေမငှားသလို အာမခံလည်း မယူဘူးလို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် မနီလာသိန်းက ပြောပါတယ်။

"ဒီနေ့ ကျမကို ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ တရားရုံးအနေနဲ့ အာမခံယူဖို့ ခံဝန်ထိုးဖို့ကို ထပ်မံပြောဆို တယ်ပေါ့နော်၊ ကျမအနေနဲ့က ဒီအပေါ်မှာ အာမခံယူခြင်း၊ ခံဝန်ထိုးခြင်းကို လုံးဝပြုလုပ်မှာ မဟုတ်ဘူး၊ ထပ်မံပြောခဲ့တယ်၊ အာဏာပိုင်အဖွဲ့အစည်းက လာထွက်သမျှကို တရားရုံးကလက်ခံပြီးတော့ ကျမ တို့ နိုင်ငံသားအခွင့်အရေးအရ ကျမကို ဒီလိုလုပ်ဆောင်နေတာဟာ မမှန်ကန်ပါဘူး၊ မမျှတပါဘူး၊ မှားယွင်းနေပါတယ်ဆိုတာ ကျမနိုင်ငံသားတစ်ယောက်အနေနဲ့ ပြောခွင့်ရှိပါတယ်ဆိုတဲ့စကားကိုလည်း တင်ပြပြောဆိုခဲ့ပါတယ်"

ပုဒ်မ ၁၈ ဟာ အများဆုံးထောင်ဒဏ် ၆ လ ချမှတ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂက ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းနဲ့ မဖြိုးဖြိုးအောင် တို့ကိုလည်း ပုဒ်မ ၁၈ နဲ့ ရုံးထုတ်ခဲ့ပြီး မေးမြန်းရာမှာ မဖြေဘဲ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ် ကို ထောက်ခံဆန္ဒပြခဲ့တဲ့အတွက် ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းကို အနုပညာရှင်တွေ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဥရောပသမဂ္ဂ EU အဖွဲ့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက လူပုဂ္ဂိုလ်တစ်ချို့ တရားရုံးမှာ လေ့လာခဲ့ကြပါတယ်။

တရားရုံးချိန်း ရပ်နားချိန်မှာ မနီလာသိန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထား ပါတယ်။