ဥက္ကံမြို့က ဒုက္ခသည်တွေအတွက် ၈၈ကျောင်းသားတွေ သွားရောက်လှူဒါန်း

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဥက္ကံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေကို ရန်ကုန်မြို့နေ ပြည်သူတချို့လှူဒါန်းထားတဲ့ ပစ္စည်းနဲ့ ငွေကြေးတွေကို ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့ အစည်းရုံးက ဒီကနေ့မှာ သွားရောက်လှူဒါန်းခဲ့ကြပါ တယ်။

ဥက္ကံမြို့နယ်က မီးလောင်ပြင်စခန်းနဲ့ သနီပင်ကျေးရွာတွေက ဒုက္ခသည်တွေအတွက် စားသောက်ကုန်၊ ဆေးဝါးနဲ့ ငွေကျပ် ၈ သိန်းကို လှူဒါန်းခဲ့တာပါ။ ဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေကို ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက မမီးမီးက RFA ကို အခုလိုပြောပါတယ်။

“မီးလောင်ပြင်စခန်းကျေးရွာကို သွားတဲ့အခါမှာတော့ မီးလောင်ထားတဲ့အိမ် ၁ဝ လုံးနဲ့ ဖျက်ဆီးခံရထားတဲ့အိမ် ၂၄ လုံးစာ ကျမတို့ခွဲခြမ်းပြီးတော့ လှူဒါန်းခဲ့ပါတယ်၊ အဲ့ဒီရွာမှာတော့ ကယ်ဆယ်ရေးစခန်းတို့ ဘာတို့ဆောက် ထားခြင်းမရှိပါဘူး၊ ရဲအစောင့်အကြပ် ချထားတယ်၊ နောက်ပြီးအခုဖျက်ဆီးခံထားရတဲ့ လူတွေကလည်း သင့်တော်သလိုပေါ့နော် နေနေကြတာတွေ့ရတယ်၊ သူတို့အဆင်ပြေသလိုပေါ့နော်၊ ယာယီသူတို့ ဘာသာသူတို့ တဲလေးတွေထိုးနေတယ်၊ တချို့ကျတော့လည်း ဘာမှမဖြစ်တဲ့အိမ်တွေနဲ့ ပေါင်း ပြီးတော့နေတယ်ပေါ့၊ အဲလိုမျိုးလေးတွေတွေ့ရတယ်”

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့အတူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေး အဖွဲ့ဝင်တွေလည်း ပူးပေါင်းကူညီခဲ့ကြပါတယ်။

ဧပြီလနှောင်းပိုင်းက ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ ဆိုင်ခန်း ၂၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။