အကြမ်းဖက်နှိမ်နင်းမှု လက်မခံနိုင်ကြောင်း ၈၈မျိုးဆက်ကန့်ကွက်

လက်ပံတောင်းတောင်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ တောင်သူတွေကို အာဏာပိုင်တွေဘက်က ဒီကနေ့ အကြမ်းဖက် နှိမ်းနှင်းခဲ့တာကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က လုံးဝလက်မခံနိုင်တဲ့အကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီသဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ သဘောကတော့ ဒီမှာလက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဒေသဖြစ်တဲ့အတွက် အဲ့ဒီနေရာမှာမလုပ်ရဘူး လူစုခွဲတယ်ဆိုလို့ရှိရင် သူကဝမ်းရေးပြဿနာရှိတယ်လေ၊ အဲတော့ စိုက်ပျိုးရာသီအချိန် ကုန်တဲ့အထိကို ထိုင်စောင့်နေလို့ မဖြစ်နိုင်ဘူး၊ ဒီလိုအချိန်ယူပြီး လုပ်ကိုင်စားသောက်နေရတဲ့ လယ်သမားတွေအနေနဲ့ စားဝတ်နေရေးအတွက် ဘယ်လိုအာမခံချက်ပေးနိုင်မလဲ တာဝန်ယူနိုင်မလဲဆိုတဲ့ကိစ္စကို သက်ဆိုင်ရာအစိုးရကနေပြီးတော့ ညှိနှိုင်းအဖြေရှာပေးဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဗျ၊ ပြဿနာတစ်ခု ဖြစ်လိုက်တိုင်း သက်ဆိုင်ရာက အင်အားသုံးဖြေရှင်းမှုတွေ များလာမှာကို ကျနော်တို့စိတ်ပူတယ်၊ ဒါကြောင့်ကျနော်တို့က ဘယ်လိုပြဿနာမျိုးတွေဖြစ်ဖြစ် ပြဿနာကတော့ရှိမှာပဲဗျာ၊ ရှိတဲ့ပြဿနာကို ဒီမိုကရက်တစ် ဘောင်ထဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်ဗျာ”

ဒီထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နှင်းတာတွေကို လုံးဝလက်မခံတဲ့အကြောင်း၊ အဲ့ဒီမြေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေရဲ့အရေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက တာဝန်ဖြေရှင်းဖို့လိုကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမယ့် အချိန်အထိ ပဋိပက္ခတွေ ထိပ်တိုက်အဖြစ်စေဖို့ ရှောင်ရှားသင့်တဲ့အကြောင်းစတဲ့အချက်တွေကို ဖော်ပြထားပါတယ်။