၈၈ မျိုးဆက် ြငိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်သမားရေးရာကော်မတီက တောင်သူလယ်သမားတွေရဲ့ အခက်အခဲနဲ့ ပြသနာတွေဆွေးနွေးဖို့ လာမယ့်သြဂုတ်လ ၁၉ ရက်နဲ့ ၂ဝ ရက်နေ့ကို ဖိတ်ခေါ်ထားပါတယ်။
ဆွေးနွေးပွဲမှာ အဓမ္မအသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စတွေအပါအဝင်၊ လယ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေးနဲ့ အချက် ၆ ချက် ဆွေးနွေးကြမယ်လို့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်က RFA ကိုပြောပါတယ်။
“ကျနော်တို့နဲ့ ဆက်သွယ်မိထားတဲ့ တိုင်းနဲ့ပြည်နယ် ၇ ခုလောက်က တောင်သူလယ်သမားတွေကို ဖိတ်ထားပါတယ်၊ အဓိကဆွေးနွေးမယ့်ခေါင်းစဉ် ၆ ခု သတ်မှတ်ထားပါတယ်၊ အဲဒီ့ခေါင်းစဉ် ၆ ခုကို အစုအဖွဲ့တွေဖွဲ့ပြီးတော့ ဆိုင်ရာခေါင်းစဉ်အောက်မှာ ဆွေးနွေးကြပါလိမ့်မယ်၊ အားလုံးသဘောတူညီလို့ ရလာတဲ့ရလာဒ်တွေကို အဲဒီ ၂ဝ ရက်နေ့ညနေမှာပဲ အကျဉ်းချုံးကြေညာပါ့မယ်”
ဒီဆွေးနွေးပွဲတက်ဖို့ တိုင်းနဲ့ပြည်နယ် ၇ ခုလောက်က လယ်သမား ၃ဝဝ လောက်ကို ဖိတ်ထားတယ်လို့ဆိုပါတယ်။ ဆွေးနွေးပွဲရလာဒ်ကိုလည်း အစိုးရနဲ့လွှတ်တော်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြသွားမယ်လို့ သိရပါတယ်။
လယ်သမားအရေး ဆွေးနွေးပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရဲ့ လယ်သမားရေးရာကော်မတီဝင် ကိုမျိုးသန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
