ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဒက္ခိဏရာမ အလယ်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မန္တလေးမြို့ကို လာရောက်ခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရှစ်လေးလုံး ငွေရတုအကြိုပွဲ မန္တလေးမြို့မှာ ကျင်းပနိုင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုမောင်မောင်ဦးက RFA ကို ပြောပါတယ်။
"ရန်ကုန်က ကိုယ်စားလှယ်အဖွဲ့နဲ့ မန္တလေးက စိတ်ဝင်စားသူ၊ ရှစ်လေးလုံးမှာ ဖြတ်သန်းဖူးသူ၊ နိုင်ငံရေးမှာ စိတ်ဝင်စားသူ အဖွဲ့တွေ လုပ်ငန်းညှိနှိုင်းပွဲပါ။ ဒီညှိနှိုင်းပွဲမှာ ပွဲလုပ်တဲ့အခါမှာ အသုံးပြုမယ့် လိုဂို (logo) ဒီဇိုင်းတွေ၊ အလံတွေ၊ အခမ်းအနား ကျင်းပတဲ့အခါမှာ ဖိတ်ကြားမယ့် လူတွေ၊ နေရာ၊ Agenda၊ အဲဒါတွေကို အကြိုညှိနှိုင်းဆွေးနွေးတာ ဖြစ်ပါတယ်။ "
ဒီအခမ်းအနားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အထက်ပိုင်း အတွက် မန္တလေးမြို့ ပွဲဖြစ် မြောက်ရေး ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ အောက်ပိုင်း အတွက်ကိုတော့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တာဝန်ယူ ဖိတ်ကြားမယ်လို့ သိရပါတယ်။
ဒီကနေ့ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးကို ရန်ကုန်မြို့က (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ကိုယ်စားလှယ် အဖြစ် ကိုပြုံးချိုနဲ့ ကိုဘသက်အောင်တို့ တက်ရောက်ခဲ့ပြီး၊ မန္တလေးမြို့က မြဝတီကျောင်းတိုက် ဆရာတော် ဦးအရိယာဘိဝံသ၊ အလယ်တိုက် ဆရာတော် ဦးခေမာစာရ၊ ရဲဘက်စခန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဝိသုတနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ဗကသ ကျောင်းသူ ကျောင်းသားတွေ စုစုပေါင်း (၁၀၀) ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။
