သွေးထိုးလှုံ့ဆော်မှု အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ၈၈တွေတောင်းဆို

0:00 / 0:00

မတူညီတဲ့ ဘာသာဝင်တွေအကြား သွေးထိုးလှုံ့ဆော်မှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေနဲ့ လုံး၀ လက်မခံကြောင်း ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း မိတ္ထီလာမြို့ အဓိကရုဏ်း ဖြစ်ပြီးတဲ့နောက်ပိုင်း အခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသက မြို့နယ်တစ်ချို့မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ မွန်းလွဲပိုင်းက သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။

နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးဟာ နိုင်ငံတော်မှာ လုံး၀ တာဝန်ရှိကြောင်း၊ လက်ရှိ အကြမ်းဖက်မှု မီးရှို့မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ မတူညီတဲ့လူမျိုး ဘာသာများအကြား ငြိမ်းချမ်းစွာ ကာလရှည်ကြာနေထိုင်ခဲ့တဲ့ နိုင်ငံဖြစ်သလို အခုလိုအချိန်ဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ ကာလဖြစ်သလို အလွန်နူးညံ့သိမ်မွေ့တာကြောင့် ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

လက်ရှိအခြေအနေအပေါ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။