လက်ပံတောင်းအရေးကြောင့် အချင်းချင်းစိတ်ဝမ်းမကွဲဖို့ ၈၈ခေါင်းဆောင်တွေ တိုက်တွန်း

0:00 / 0:00

0:00 / 0:00

လက်ပံတောင်းတောင် စီမံကိန်းအရေးကိစ္စကြောင့် ဒီမိုကရေစီရေးကြိုးပမ်းသူတွေ အချင်းချင်းကြား စိတ်ဝမ်းမကွဲကြဖို့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က မတ်လ ၁၅ ရက် ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းခရီးစဉ်အတွင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြမှုတချို့ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အကြာမှာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားလိုက်တာပါ။

“ဒီစီမံကိန်းကနေဖြစ်လာတဲ့ အကျိုးသက်ရောက်မှုဟာ ကျနော်တို့ တိုင်းသူပြည်သားတွေ မခံစားရပဲနဲ့ ကျနော်တို့တွေ ဝမ်းနည်းစရာကောင်းလောက်အောင် စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်သင့်ဘူး၊ ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးစားခဲ့ကြတဲ့ ရဲဘော်ရဲဘက်အချင်းချင်း ဒုက္ခသုခတွေ အတူတူခံခဲ့ရတဲ့ ပြည်သူတွေကြားထဲမှာ ကျနော်တို့အားထားနေရတဲ့ခေါင်းဆောင် အဲ့ဒီကြားထဲမှာ စိတ်ဝမ်းကွဲသွားမှု မဖြစ်စေချင်ဘူးဗျာ၊ ကျနော်တို့က ဒီဟာကိုတော့ အင်မတန်စိုးရိမ်ကြောင့်ကြတယ်”

စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာဟာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်ပြီး၊ အဲ့ဒီစိန်ခေါ်မှုကနေ မတူညီတာတွေကို ညှိနှိုင်းဆောင်ရွက်မယ့် အခွင့်အလမ်းအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒါ့ပြင် မီးလောင်ဗုံးလို ပြင်းထန်တဲ့လက်နက်တွေနဲ့ အကြမ်းဖက်နှိမ်နင်းခဲ့မှုမှာ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စီးပွားရေးဦးပိုင်ကုမ္ပဏီတွေနဲ့ စာချုပ်အသစ်တစ်ခု မချုပ်ဆိုနိုင်သေးခင်အထိ ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းထားဖို့ လေ့လာသူတချို့ ထောက်ပြနေတာတွေဟာ သင့်တင့်မျှတကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်စာနဲ့ ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ သဘောထားကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ရဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖေါ်သင့်၊ မသင့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Eco-Dev အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။