ကိုမင်းကိုနိုင်ရေးတဲ့ သံချပ်နဲ့ ကျောင်းသားများ ဖျော်ဖြေ

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရေးတဲ့ သြင်္ကန်သံချပ်တွေကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ရန်ကုန်မြို့ နေရာ ၃ ခုမှာ ဒီနေ့ လိုက်လံဖျော်ဖြေခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို RFA က လှမ်းဆက်သွယ်တဲ့အချိန်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှာ ရောက်ရှိဖျော်ဖြေနေတဲ့အချိန်ဖြစ်လို့ ၈၈ ကျောင်းသားတွေရဲ့ မျိုးချစ်သီချင်းသီဆိုသံတွေ၊ သံချပ်ထိုးသံတွေ ကြားနေရပါတယ်။

သံချပ်မှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကရေးသားထားလဲလို့ ကိုမင်းကိုနိုင်-ကို မေးကြည့်တော့ "ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့အတွက် ဦးစားပေးပြီး ရေးတာပါပဲ။ ပြီးတော့ ကျောင်းသားသမဂ္ဂ ကိုအောင်ကျော်၊ ကိုဗဟိန်းတို့၊ ကိုအောင်ဆန်းတို့ရဲ့ သမိုင်း၊ အဲဒါတွေဟာ ဘယ်တော့မှ မခန်းတဲ့ မြစ်ရေတွေဆိုတာကို ကျွန်တော်တို့ ထည့်ပြီးတော့ စပ်ထားတာပါပဲ။" ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့အတူ တချိန်က ရန်ကုန်မြို့မှာ လူသိများခဲ့တဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သြင်္ကန်အဖွဲ့ကလည်း လိုက်လံဖျော်ဖြေနေပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း တိမ်မြုပ်ပျောက်ကွယ်ခဲ့ရတဲ့ သြင်္ကန်ရိုးရာ သံချပ်ဖျော်ဖြေမှုကို ဒီနှစ်မှာပြန်ပြီး ဖော်ဆောင်ခွင့်ရလာတာ ဖြစ်ပြီး၊ ဒီအတွက် စိတ်ကျေနပ်ကြတယ်လို့ သံချပ်အနုပညာရှင်တွေက ပြောဆိုနေကြပါတယ်။