ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တနင်္သာရီတိုင်းဟာ တိုင်းပြည်ရဲ့ဘဏ္ဍာကို အများဆုံးရှာပေးနေပေမယ့် လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အခြေအနေကို အခုလို ပြောကြားသွားပါတယ်။
"တနင်္သာရီတိုင်းဟာ အမိမြန်မာပြည်မှာ ရတနာတွေကို သူ့ရဲ့လက်နဲ့ တဆုပ်ပြီးတဆုပ်ပေးနေသလို သတ္ထုသိုက်တွေ အင်မတန်ပေါကြွယ်ဝတဲ့တိုင်း ဂက်စ်တွေထွက်နေတဲ့တိုင်း ဗမာတစ်ပြည်လုံးရဲ့ သတ္ထုသိုက်တွေကို အများဆုံးထုတ်ပေးနေတဲ့ ဟောဒီ့တနင်္သာရီတိုင်းဟာ တိုင်းပြည်ဘဏ္ဍာကို အများဆုံးရှာပေးနေတဲ့ တိုင်းထဲမှာလည်းပါတယ်၊ ဒါပေမယ့်အဲဒီတိုင်းကို ကျေးဇူးဆပ်လိုက်ပုံက ကားကိုလူကကြိုးနဲ့ပြန်ဆွဲရတယ်ဆိုတာ တော်တော်အသည်းနာဖို့ကောင်းတယ်"
အဲဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုပြုံးချို အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဟောပြောခဲ့ကြပါတယ်။
ဒါအပြင် ကော့သောင်းမြို့ခံလူထုတွေရဲ့ ဒေသတွင်းဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံကိစ္စ၊ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်မြင့်ဖို့ကိစ္စ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသက စစ်ပွဲတွေ အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို ကော့သောင်းမြို့ခံပရိသတ် ၁ဝဝဝ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေဟာ မနက်ဖြန် မနက်မှာလည်း ပုလုံးတုံးတုံးရွာကို သွားရောက်ဆွေးနွေးမှာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ တနင်္သာရီတိုင်းအတွင်း ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လူထုဆွေးနွေပွဲခရီးစဉ်ကို အဆုံးသတ်မယ်လို့သိရပါတယ်။
