ကျဆုံးအာဇာနည်ကျောင်းသူ၊ ကျောင်းသားများအတွက် ဆွမ်းကပ်လှူဒါန်း

၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ မဝင်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူ တန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

မဝင်းမော်ဦးက မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှအတန်း aပးဝေခြင်းမပြုဖို့ သူမရဲ့ဖခင်ကို မှာထားခဲ့ချက်အရ စစ်မှန်တဲ့ဒီမိုကရေစီ အခုအချိန်အထိ မရသေးတာကြောင့် အမျှမဝေသေးဘူးလို့ မဝင်းမော်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက RFA ကို ပြောပါတယ်။

"အခုချိန်မှာကတော့ သိပ်ပြီးတော့ လွတ်လွတ်လပ်လပ် မရှိသေးတဲ့အတွက် တောင်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်ကလည်း မရောက်သေးတဲ့အတွက် အန်တီကတော့ လုံးဝသူ့အတွက်ကို အမျှမဝေပေးသေးဘူး။ အန်တီသမီးက တိုင်းပြည်အတွက် အလုပ်လုပ်သွားတဲ့အတွက် အန်တီ့ရင်ထဲမှာ အမြဲတမ်း ဂုဏ်ယူပါတယ်"

ဒီအခမ်းအနားကို ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်က လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အသက်ပေး ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကိုယ်စား မဝင်းမော်ဦးအတွက် ဂုဏ်ပြုရေးသား ပေးပို့လိုက်တဲ့ ကဗျာတစ်ပုဒ်ကို ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်မင်းက ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုဇော်မင်းတို့ တက်ရောက်ခဲ့ပြီး ဗကသကျောင်းသားတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့် စက်တင်ဘာ ၂၅ ရက် နေ့မှာလည်း မဝင်းမော်ဦးအတွက် ဆွမ်းကျွေး တရားနာပွဲတစ်ခုကို မိဘတွေရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။