တောင်သူလယ်သမားအခွင့်အရေး ကာကွယ်တဲ့ဥပဒေ အမြန်ဆုံးပြဌာန်းဖို့အပါအဝင် အချက်လေးချက် ပါ တောင်သူလယ်သမားအခွင့်ရေး ဥပဒေဆိုင်ရာ အကြံပြုချက်ကို ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ သင်္ကကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရုံးမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပတဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားမြင့်တင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကြံပြုတင်ပြချက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တာပါ။
ဇွန်လ ၃ဝ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တောင်သူ လယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းမှာ တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ နည်းပါးနေတဲ့အတွက် တောင်သူလယ်သမားတွေရဲ့ အခွင့်ရေးဥပဒေကို အမြန်ပြဌာန်းဖို့ ခုလိုအကြံပြုချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုမျိုးသန့်က ခုလိုပြောပါတယ်။
"ဒီဥပဒေကို အတည်ပြုပြဌာန်းချင်တာဆိုလို့ရှိရင် ခဏနေပါဦး၊ စောင့်ဆိုင်းပေးပါတယ်၊ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အရေးကြီးတဲ့ အထူးသဖြင့် ၇ဝ ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေအတွက် အကျိုးစီးပွားကို မြင့်တင်ချင်တယ်ဆိုရင်တော့ ဒီ့ထက်ပိုပြီးအရေးကြီးတဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်တဲ့ဥပဒေကို ပြဌာန်းစေချင်ပါတယ်၊ နဂိုရှိခဲ့ဘူးတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်တဲ့ဥပဒေဟာ ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်၊ အဲဒီ့ဥပဒေကို အစားထိုးနိုင်ဖို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်တဲ့ဥပဒေဟာ အရင်ဆုံးပြဌာန်းဆောင်ရွက်စေချင်ပါတယ်"
ဒါ့အပြင် ဥပဒေမူကြမ်းရေးဆွဲရာမှာ စစ်မှန်တဲ့ တောင်သူလယ်သမား ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင် ဖို့၊ တောင်သူလယ်သမား အဓိပ္ပာယ်ဖွင့်ဆိုချက် အပါအဝင် ၂ဝ၁၂ ခုနစ် လယ်ယာမြေနဲ့ မြေလွတ်မြေလပ် မြေရိုင်း ဥပဒေတွေက အားနည်းချက်တွေကို ပြင်ဆင်ဖို့နဲ့ တောင်သူလယ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့စတဲ့ အကြံပြုချက်တွေ ပါဝင်ပါတယ်။
ဒီအကြံပြုချက်တွေကို ၈၈ မျိုးဆက်တောင်သူလယ်သမားရေးရာဌာနအနေနဲ့ နိုင်ငံအနှံ့က လယ်သမားတွေရဲ့ ပကတိအခြေနေတွေကို ကွင်းဆင်းလေ့လာပြီး တင်ပြတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။ ဒါ့အပြင် အကြံပြုချက်တွေကို ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တေ်ာကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဇွန်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ တောင်သူလယ်သမား အကျိုးစီးပွားမြင့်တင်ရေး ဥပဒေမူကြမ်းကို ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်ကတင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
အဲ့ဒီဥပဒေကြမ်းအပေါ် တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထား နားဆင်နိုင်ပါတယ်။