၂၃ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားများ ကျင်းပ

၈၈ လူထုအရေးတော်ပုံ ၂၃ နှစ်ပြည့် အခမ်းအနားတရပ်ကို သြစတြေလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ABSDF သြစတြေလျ ဌာနခွဲနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ထောင်ချခံနေရဆဲ ဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒီကနေ့ စုရုံးရောက်ရှိခဲ့တဲ့ အခမ်းအနားမှာ တိုက်တွန်းခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတဦး ဖြစ်တဲ့ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

"ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင် တွေ ဦးဆောင်နေတဲ့ ကိစ္စတွေကို အပြည့်အဝ ထောက်ခံတဲ့အကြောင်း ပြသဖို့၊ သြစတြေလျကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွား အောင် သြစတြေလျ အစိုးရကို စည်ရုံးတဲ့ကိစ္စမှာ ကူညီကြဖို့၊ တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန် တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ကိစ္စတွေကို အပြည့်အဝ ထောက်ခံ အကူအညီပေးဖို့ ဒီကနေ့ အခမ်းအနားမှာ ချမှတ်ပါတယ်"

ဒီနေ့ အခမ်းအနားကို အဝေးရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာ့အရေး တက်တက်ကြွကြွ လှုပ်ရှားပါဝင်တဲ့ သြစတြေလျ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၈၈၈၈ အထူးအစီအစဉ်

ရှစ်လေးလုံး လူထုအုံကြွမှု ဖြစ်ခဲ့တာ ၂၃နှစ် ကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထု လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ ရှစ်လေးလုံးစိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်သွားရမှာ ဖြစ်ကြောင်း စာရေးဆရာ၊ သတင်းစာဆရာကြီး မောင်ဝံသက ဒီကနေ့ ပြောကြားလိုက်သလို၊ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာကလည်း ခေတ် အဆက်ဆက်မှာ ကျောင်းသားတွေဟာ လူထု လှုပ်ရှားမှုတွေကို ဦးဆောင့်လေ့ရှိပြီး အဲဒီ လှုပ်ရှားမှုတွေဟာ လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောကြားပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

0:00 / 0:00

၁၉၈၈ ခုနှစ်တုန်းက ဗိုလ်တထောင်သတင်းစာ အယ်ဒီတာတဦးဖြစ်တဲ့ ဦးစိန်လှဦး (ယခု NDF ပါတီ ခေါင်းဆောင်) ကလည်း ရှစ်လေးလုံး အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတာ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ အက်ဆစ် Hip Hop တေးဂီတအဖွဲ့ ခေါင်းဆောင် ကိုဇေယျာသော်တို့ကလည်း သူတို့ရဲ့ ရှစ်လေးလုံး အတွေ့အကြုံတွေ ဝေငှထားတာကို ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

0:00 / 0:00

ရှစ်လေးလုံးကာလ ကျောင်းသားဘဝမှာ ဦးဆောင် လှုပ်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဌေးအောင် နဲ့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့က ဒေါ်ခင်ဥမ္မာတို့ရဲ့ ပြန်ပြောင်း ပြောပြချက်တွေကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။

0:00 / 0:00