ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆန္ဒပြခေါင်းဆောင်နှစ်ဦးကို တရားစွဲ

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့က ဟံသာဝတီအဝိုင်းကနေ မြို့တော်ခန်းမအထိ ချီတက် လမ်းလျှောက်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းနဲ့အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးဝင်းချိုတို့ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈နဲ့ ဒီကနေ့ ကျောက်တံတားမြို့နယ်ရဲစခန်းက တရားစွဲလိုက်တယ်လို့ သိရပါတယ်။

မြို့နယ်တရားရုံးကို အမှုတင်လိုက်တာနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် စခန်းမှူးက အခုလို ပြောပါတယ်။

"ဒေါ်ဖြူဖြူဝင်းကို ပုဒ်မ ၁၈ နဲ့တရားရုံးတင်ထားတယ်။တရားရုံးက ရာကြီးအမှတ် (၃၀၂)နဲ့ လက်ခံထားတယ်။သူတို့က စီတန်းလှည့်လည်မူကို မလျှောက်တာ၊ခွင့်ပြုမိန့် မတောင်းတာပေါ့"

မြို့နယ် ၆ ခုကို လမ်းလျှောက်ချီတက်ခဲ့တာကြောင့် သက်ဆိုင်ရာရဲစခန်းတွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့်အဲဒီထဲမှာ ကျောက်တံတားမြို့နယ်ရဲစခန်းက အရင်ဆုံးတရားစွဲဆိုတာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ ဝင် ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။

"ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက်တာကို ခွင့်ပြုမိန့်မယူတာပေါ့။အဲဒီနေ့ကိုခြောက်မြို့နယ်ကို ဖြတ်တာဆိုတော့ ဒဂုံ၊လမ်းမတော်၊လသာ၊ပန်းဘဲတန်၊စမ်းချောင်း၊ကျောက်တံတားမြို့နယ်တွေကတော့ ကျွန်မတို့ကို စစ်ပြီးသွားပါပြီ။အခုက ကျောက်တံတားက အရင်စဆွဲပါတယ်။ရဲစခန်းကနေ တရားရုံးကို အမူတင်လိုက်ပါပြီ၊အမူစဆွဲနေပါပြီ"

အဲဒီအမှုကို ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ဦးယုကြည်က တရားလိုအဖြစ်တရားစွဲဆိုတာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့လည်းပြောပါတယ်။ အခုလောလောဆယ် သူတို့နှစ်ဦးကို ကိုယ်တိုင်ခံဝန်ချက်နဲ့ အာမခံပေးထားတယ် လို့ သိရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာကျောင်းသားဟောင်း များကွန်ရက်၊ အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ (ရွှေပြည်သာ)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်အဖွဲ့စတဲ့အဖွဲ့ဝင်တွေ ပါဝင်ကြပေမယ့် တို့နှစ်ဦးကိုပဲ တရားစွဲဆိုတာဖြစ်တယ်လို့ သိရပါတယ်။