ထိုင်းနိုင်ငံရောက် မြန်မာ့ အင်အားစုတွေကို ၈၈၈၈ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြား


2013.07.10
88-23rd-japan305.jpg ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ ၂၀၁၁ ခုနှစ် ကြဂုတ်လ ၈ ရက်နေ့တွင်၂၃ နှစ်မြောက် ၈ လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် မြန်မာသံရုံးကို ချီတက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပုံ။ ဓါတ်ပုံ - nldlajb.blogspot.com
nldlajb.blogspot.com

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေး၊ ဦးစိုးထွန်း၊ ဒေါ်စန်းစန်းမော်နဲ့ ဒေါ်မီမီလွင်တို့ဟာ ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပညာသင်ကျောင်းသားတွေကို လာမယ့်(၈၈၈၈) ငွေရတုအခမ်းအနားကို ဖိတ်ကြားဖို့အတွက် ဒီကနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ကို ရောက်ရှိလာပါတယ်။

မြန်မာနိုင်ငံဟာ ကူးပြောင်းရေးကာလဘက်ကို မျက်နှာမှုနေပြီဖြစ်ကြောင်း ဒါကြောင့်အခုအချိန်မှာ စွမ်းရည်ပြည့်ဝတဲ့ လူငယ်တွေကို နေရာပေးဖို့ ပြင်ဆင်ရတော့မှာဖြစ်ကြောင်း၊ (၂၅)နှစ်တာကာလကြာ ပြည်ပမှာလေ့လာ ဖြည့်ဆည်း ထားကြတဲ့ မျိုးဆက်အသီးသီးရဲ့ အရည်အသွေးတွေကို တိုင်းပြည်အတွက် ပြန်လည်အသုံးချနိုင်အောင် အင်အားစုတွေ အကုန်လုံးကို ဖြစ်နိုင်သမျှ စုစည်းနိုင်တဲ့ (၈၈၈၈) ငွေရတုအခမ်းအနားဖြစ်အောင် မျှော်မှန်းပြီး ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်ဒေသတွေကို လာရောက် ဖိတ်ကြားတာပါလို့ ဦးမြအေးက အခုလို ပြောပါတယ်။

ကျနော်တို့လာမယ့် (၂၅)နှစ်မြောက်ပေါ့နော် (၈၈၈၈)နှစ်ပတ်လည် ငွေရတုအခမ်းအနား ကျင်းပဖို့အတွက်ကို ရန်ကုန်မှာ ပြင်ဆင်နေပြီဗျာ အဲဒီကျင်းပဖို့အတွက်ကို ဒီကိုလာပြီးတော့မှ ဒီမှာရှိတဲ့ ကျနော်တို့ နယ်ခြားရေခြားကို ရောက်နေတဲ့ ကျနော်တို့ရဲ့ ညီအကိုတွေ ကျနော်တို့ရဲ့ သူငယ်ချင်းတွေ ကျနော်တို့ရဲ့ မောင်နှမတွေကိုလာပြီး တလေးတစား လာဖိတ်တာပါ၊ တိုင်းရင်းသား အဖွဲ့အသည်းတွေကော အဲဒီ(၈၈)ကာလက ဒီအကြောင်းကြောင်းကြောင့် အပြင်ကိုထွက်သွားရတဲ့ ကျနော်တို့သူငယ်ချင်းတွေကိုရော ထိုင်းနယ်စပ်ကို ထွက်သွားတဲ့ သူငယ်ချင်းတွေကိုရော ကျနော်တို့ လာဖိတ်တဲ့ သဘောပါပဲဗျ”

လာမယ့်(၁၆)ရက်နေ့မှာတော့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာ ကျောင်းသားတွေနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီးလူငယ်မျိုးဆက်တွေ တိုင်းပြည် အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရေးနဲ့ တည်ဆောက်ရေး ဆိုင်ရာမှာ သူတို့အမြင်တွေကိုလည်း သိလိုတဲ့အတွက် ဆွေးနွေးပွဲတခု ပြုလုပ်မယ်လို့လည်း ဦးစိုးထွန်းက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာပေါ့ အထူးသဖြင့် အာဆီယံတက္ကသိုလ်အသီးသီးမှာ ပါဝင်သင်ကြားနေကြတဲ့ သူတို့ရဲ့ ပညာ အရည်အချင်း တွေနဲ့ သူတို့တွေကော ဘယ်လိုတွေမျှော်လင့်ချက်တွေနဲ့ ပြင်ဆင်ထားကြသလဲပေါ့နော်၊ ပြီးခဲ့တဲ့ မနှစ်ကလည်း ကျနော်တို့ Cha An ချအမ်းမှာ ပညာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲလေးတွေ လုပ်တယ်၊ သူတို့တွေက အားတက်သရောတွေ ဆွေးနွေးကြတယ်ပေါ့နော် ပညာရေးကိစ္စတွေက အစပေါ့နော် ကျနော်တို့တိုင်းပြည်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ သူတို့တွေ ပါဝင်နိုင်အောင်၊ အဲဒီတော့ ကျနော်တို့တွေ အနေနဲပလည်း အားရတယ် ဒီလူငယ်တွေကိုလည်း ကျနော်တို့တွေ အားကိုးတယ်၊ တချိန်ချိန်မှာ အဆင့်ဆင့် ခေါင်းဆောင်တွေက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးသွားရမှာ”

ဒါကြောင့် ပုခုံးပြောင်းတာဝန် လွှဲပြောင်းတဲ့အခါမှာ နောက်မျိုးဆက်တွေက တော်သထက်တော် ထက်သထက် ထက်နေဖို့လိုတာ အတွက် သူတို့အတွေ့အကြုံတွေကို ရှင်းလင်းပြပြီး၊ လူငယ်တွေ အင်အားတွေကို အရှိန်အဟုန်နဲ့ တိုင်းပြည်အတွက် အသုံးချနိုင်အောင်ပါလို့လည်း သူက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။