ထိုင်းနိုင်ငံက အမျိုးသမီး ဆွေးနွေးပွဲ မြန်မာ အမျိုးသမီးများ ပါဝင်ဆွေးနွေး

တိုင်းရင်းသားများ အရေး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို လေ့လာ ဆန်းစစ်ခြင်းနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှု မြှှှင့်တင်ခြင်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲတစ်ခုကို ပြည်တွင်းအမျိုးသမီး ခေါင်းဆောင်တစ်ချို့နဲ့ ပြည်ပအခြေစိုက် အမျိုးသမီးတွေ ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးနေပါတယ်။

ဒီကနေ့စတင်တဲ့ နှီးနှောဖလှယ်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားတွေ ဖြစ်ကြတဲ့ မမီးမီး (ခေါ်) မသင်းသင်းအေး၊ မစမ်းစမ်းမော်၊ မနိုဗယ်အေးနဲ့ မယဉ်ယဉ်ဝိုင်း တို့အပါအဝင် ပြည်ပမှာရောက်ရှိနေတဲ့ တိုင်းရင်းသား အမျိုးသမီးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားဒေသက အမျိုးသမီးတွေ ဆွေးနွေးနေကြတာပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ရတဲ့ အခြေခံအကြောင်းတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သဘာပတိအဖွဲ့ဝင်လည်းဖြစ် ဦးဆောင်စီစဉ်သူတစ်ဦးလည်းဖြစ်တဲ့ မဆူးပွင့် က RFA ကို ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့အထိ ပြုလုပ်သွားမယ့် ဒီနှီးနှောဖလှယ်ပွဲမှာ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အမြင်တွေ ၊ တိုင်းရင်းသား အရေးကိစ္စတွေနဲ့ တိုင်းရင်းသား ပြဿနာတွေ ဖြေရှင်းနိုင်ရေးအတွက် အမြင်ဖလှယ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကိုတော့ ၁၉၉၉ ခုနှစ်မှာ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။