ပညာရေးဆွေးနွေးပွဲတက်ရောက်ဖို့ ၈၈ ကျောင်းသားများ ထိုင်းနိုင်ငံရောက်ရှိ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ Thabyay Education Network က စီစဉ်တဲ့ Myanmar Student Meeting ကိုတက်ရောက်ဖို့ ဒီကနေ့ နေ့လည်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး Cha Am မြို့က Holiday Inn Regent Resort မှာ နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ၂ ရက်ကြာကျင်းပမယ့် ပညာရေးဖော်ရမ် အစည်းအဝေးကိုတက်ရောက်ဖို့ ပညာရေး Team Leader ဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း အပါအဝင် အဖွဲ့ဝင်တွေရောက်ရှိနေတာလို့ ကိုမြအေး က RFA ကို အခုလို ပြောပါတယ်။

" အခု ဘန်ကောက်ရောက်နေပါပြီ၊ သပြေ ဖောင်ဒေးရှင်းက လုပ်တဲ့ ပညာရေးဖိုရမ်ပွဲကို ကျနော်တို့သွားတက်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့မှာက ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်လည်း ပါပါတယ်၊ နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားဆက်ရှင်းရဲ့လုပ်ငန်းစဉ်ဖြစ်တဲ့ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေနဲ့တွေ့ဖို့ကိစ္စရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ကိစ္စရောပါပါတယ်။ အလားတူပဲ ပြန်ကြားရေးနဲ့ ပတ်သက်ပြီးတော့မှ ကိုအံ့ဖွယ်ကျော် တို့က DVB, RFA အစရှိတဲ့ ဘန်ကောက် အခြေစိုက် သတင်းဌာနတွေနဲ့တွေ့ဖို့လည်း အစီအစဉ် ရှိပါတယ်။"

ဒီခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နဲ့ မစမ်းစမ်းမော်တို့ ပါဝင်ကြောင်း သိရပါတယ်။

ဘန်ကောက်အစည်းအဝေးအပြီး နိုဝင်ဘာ ၄ ရက်နေ့ကနေ ၈ ရက်နေ့အတွင်းမှာ ကိုပြုံးချိုနဲ့ ကိုအံ့ဘွယ်ကျော်တို့က ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး နိုဝင်ဘာ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်မယ်လို့ ဆိုပါတယ်။
ကိုမြအေး ဦးဆောင်ပြီး ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင် နဲ့ မစမ်းစမ်းမော် တို့ပါဝင်တဲ့ အဖွဲ့ကတော့ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ချင်းမိုင်မြို့မှာရှိတဲ့ UNFC အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့၊ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO နဲ့ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ စတဲ့အဖွဲ့တွေကို ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့မှာ သွားရောက်တွေ့ဆုံဖို့ရှိသလို မဲဆောက်မြို့က နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကိစ္စတွေအတွက် တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသူတွေဖြစ်တဲ့ မမီးမီးနဲ့ မဝိုင်း တို့က နိုဝင်ဘာ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အမျိုးသမီးရေးရာစည်းဝေးပွဲ တက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။