မြန်မာနိုင်ငံရောက် ဗြိတိန်နိုင်ငံသားတွေအတွက် လုံခြုံရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်


2013.08.06
tourist_shwedagon_305_z.png ရန်ကုန်မြို့၊ ရွှေတိဂုံစေတီပေါ်တွင် နိုင်ငံခြား ခရီးလှည့်လည်သူများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာနိုင်ငံတွင်းက စိတ်မချရတဲ့ နယ်မြေ ဒေသတချို့ကို မသွားကြဖို့ ဗြိတိသျှ အစိုးရက ဗြိတိန်နိုင်ငံသားတွေကို သတိပေးနှိုးဆော်ထားပါတယ်။

ဒီလအတွင်း အယ်လ်ခိုက်ဒါအဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ သတိပေးချက်အရ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အစ္စလာမ်နိုင်ငံတွေမှာရှိတဲ့ သူတို့သံရုံးအသီးသီးကို ပိတ်ခိုင်းတာတွေ၊ သူတို့နိုင်ငံသားတွေကို ထွက်ခွာခိုင်းတာတွေ ဆောင်ရွက်နေချိန်မှာ ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ငပလီကမ်းခြေကလွဲပြီး မသွားကြဖို့၊ သံတွဲလေဆိပ်ကိုသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်နဲ့ ဝမ်းတွင်းမြို့နယ်တွေကိုလည်း မသွားကြဖို့ သတိပေးထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကချင်ပြည်နယ်ကိုလည်း မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုမြို့တွေကလွဲပြီး ကျန်တဲ့နေရာတွေကို မသွားကြဖို့ ဆော်သြထားပါတယ်။

အလားတူ အပစ်အခတ်တွေ လတ်တလောဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်အပြင်၊ မြန်မာနဲ့ ထိစပ်နေတဲ့ ထိုင်း၊ လာအို၊ တရုတ်နယ်စပ်တွေကိုလည်း သတိထားကြဖို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆန္ဒပြပွဲတွေနဲ့ လူစုလူဝေးတွေကို ရှောင်ရှားကြပြီး၊ စစ်တပ်၊ ရဲနဲ့ ဆန္ဒပြပွဲတွေကို ဓါတ်ပုံ၊ ဗီဒီယိုမရိုက်ကြဖို့လည်း သတိပေးထားပါတယ်။ ရန်ကုန်မြို့က ဗြိတိသျှသံရုံးဝန်ထမ်းတွေကိုလည်း သတ်မှတ်ထားတဲ့နေရာတွေကလွဲပြီး၊ မြန်မာအစိုးရ ခွင့်ပြုချက်မရဘဲ ရန်ကုန်မြို့ပြင်ပကို သွားခွင့်မပြုကြောင်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။