သမ္မတ ဦးသိန်းစိန်ရဲ့ ရဲရင့်ဝံ့စားလှတဲ့ အခုန် အပျံ အကျော် အလွှားတွေအပေါ် ထောက်ခံအားပေးဖို့ အရေးကြီးပါတယ်လို့လည်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ နေရာအများစု အနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးရေးနဲ့ ရင်နှီးမြှုပ်နှံမှုတွေမှာ ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက ထုတ်ကုန်တွေ တင်သွင်းနိုင်ရေးကတော့ မပါဝင်သေးပါဘူး။ မိမိတို့အနေနဲ့ တားဆီးရမှာတွေ ရှိပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးမှာတော့ ရှေ့ကို လှမ်းသင့်နေပါပြီ။ အခုအချိန်ဟာ အချိန်ကောင်းပါလို့ မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုပါတယ်။
လာမယ့် သီတင်းပတ်အတွင်း မြန်မာအပေါ် ပိတ်ဆို့ထားတဲ့ အရေးယူမှုတွေကို ဘယ်လို လက်တွေ့ကျကျ လျှော့ပေါ့နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အိုဘားမား အစိုးရအဖွဲ့နဲ့ ကြားနာပွဲတစ်ရပ် ခေါ်ယူ ကျင်းပမယ်လို့လည်း ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နီးစပ်တဲ့ စွမ်းအင်နဲ့ ကျောက်မျက်လို စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ပိတ်ဆို့ထားဆဲဖြစ်ပေမဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကြေးနန်းဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံခွင့် ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အရင် စစ်အစိုးရဟောင်းနဲ့ ဆက်စပ် ပတ်သက်နေသူတွေဟာ အပြောင်းအလဲကို စိုးရိမ်နေကြတာကြောင့် မြန်မာပြည် ရှေ့ဆက် ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် မက်လုံးတွေ ဖန်တီးပေးဖို့ အရေးကြီးတယ်လို့လည်း မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောဆိုပါတယ်။
