စစ်အာဏာသိမ်း ၂၂ နှစ်မြောက်နေ့ နိုင်ငံတကာမှာ ဆန္ဒပြ

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စစ်တပ် အာဏာသိမ်းခြင်း ၂၂ နှစ် မြောက်နေ့မှာ တိုကျိုမြို့ကို လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

2010.09.18
election_boycott_japan_305_z ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တိုကျိုမြို့တွင် လှည့်လည် ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Palaung National Society-Japan)
Palaung National Society-Japan

ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ဦးသန်းဆွေက တိုကျို ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“နအဖ စစ်အုပ်စုက လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ ဖွဲ့စည်းပြီး ပါဝင်တဲ့ မြန်မာနိုင်ငံသား အားလုံးက တိုကျိုက လူစည်ကားတဲ့ အရပ်တွေမှာ စီတန်းလှည့်လည်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာကို ဂျပန်လူထုကို တင်ပြရင်း၊ ဂျပန်လူထုက တဆင့် ဂျပန်အစိုးရကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုဖို့ ဝိုင်းဝန်း ဖိအားပေးဖို့အတွက် ပြုလုပ်တာ ဖြစ်ပါတယ်”

ဒီဆန္ဒပြပွဲကို လူ ၅ ရာဝန်းကျင် တက်ရောက်ကြောင်း သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာလည်း အလားတူဆန္ဒပြပွဲတရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ၂၀ဝ၇ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ အတွက် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးရန်နိုင်ထွန်းက ပြောပြပါတယ်။

“ကိုရီးယား ဒေသ စံတော်ချိန် မနက် ၁၁ နာရီကနေ ၁၂ နာရီအထိ နအဖ စစ်အုပ်စု သံရုံးရှေ့မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် အမြန်ဆုံး ပျောက်ကွယ်ဖို့ရယ် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြ တောင်းဆိုနေတဲ့ ရဟန်းသံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဘယ်တော့မှ မေ့ပျောက်လို့မရဘူးဆိုတာကို ပြယုဂ်တခုအနေနဲ့ ပြသခဲ့ပါတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။