ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာနိုင်ငံသား စာပေယဉ်ကျေးမှု မြင့်တင်ရေးအတွက် ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ သြဂုတ်လ (၂၂) ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ် နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတကာ လှုပ်ရှားမှုလုပ်ဖို့ နှိုးဆော်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး တိုကျိုမြို့မှာ နေထိုင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးသန်းဆွေက အခုလို ရှင်းပြပါတယ်။
"နိုင်ငံသူ နိုင်ငံသားအားလုံးက လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်နေတာကို ဖော်ထုတ် ပြသဖို့အတွက်က နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက အင်တိုက်အားတိုက် ဟန်ချက်ညီညီ တချိန်တည်း တပြိုင်တည်း ပူးပေါင်းပါဝင်ကြဖို့အတွက် အားလုံးကို ဖိတ်ခေါ်တာ ဖြစ်ပါတယ်"
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ တောင်းဆိုလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအရ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုရေး၊ မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေကို တိုက်တွန်းနှိုးဆော်ဖို့ အချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ နိုင်ငံတကာရောက် မြန်မာများအနေနဲ့ ရွေးကောက်ပွဲကို တပြိုင်နက်ထဲ ဆန့်ကျင်သွားကြဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်ထားတာပါ။
ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ ဂျပန်အစိုးရကို ဆက်လက် တိုက်တွန်းသွားဖို့ရှိကြောင်းလည်း ဦးသန်းဆွေက ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ခေါ်ဆိုနိုင်မှာ မဟုတ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဂျပန် သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
