စစ်တပ်က သိမ်းဆည်းထားပြီး အသုံးမပြုတော့တဲ့ လယ်မြေတွေကို မကြာခင်မှာ ဒေသခံတွေကို ပြန်ပေးသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲ ၄ခေါင်းဆောင် ဦးသိန်းထွန်းဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာပြုလုပ်တဲ့ တောင်သူတွေ နဲ့ တွေ့ဆုံပွဲမှာ ဦးသိန်းထွန်းဦးက ပြောကြားလိုက်တာပါ။
"တပ်မြေကိစ္စနဲ့ ပတ်သက်လို့ကတော့ ထွန်တုံးတိုက်ပွဲတွေဘာတွေ မလုပ်ပါနဲ့တော့၊ ကျနော်တို့ရမယ်ဆိုတာ သေချာပေါက်သိနေတဲ့ဟာကို ကျနော်တို့ ဘာလို့လုပ်တော့မှာတုန်း၊ ဒီလိုဆန္ဒဖော်ထုတ်တဲ့ ပုံစံမျိုးတွေလုပ်တယ်ဆိုတာကို လွှတ်တော်ကလည်းသိတယ်၊ အစိုးရကလည်းသိတယ်၊ အကောင်အထည်ဖော်မယ့် ဌာနဆိုင်ရာအဖွဲ့အစည်းကလည်းသိနေမှတော့ ကျနော်တို့ ထွန်တုံးတိုက်ပွဲလုပ်လို့ နွားလည်းမောတယ်၊ လူလည်းပင်ပန်းပါတယ်၊ အဲဒီတော့ မိမိနဲ့ လက်လှမ်းမီတဲ့ တောင်သူလယ်သမားတွေလည်း ပြောပေးပါ၊ စိတ်ရှည်သည်းခံပြီးစောင့်နေပါ"
နေပြည်တော်မှာလည်း အရင်စစ်အစိုးရလက်ထက်က မြို့သစ်တည်ဆောက်မှု၊ စစ်တပ်က တပ်မြေအတွက် သိမ်းဆည်းမှုတွေရှိခဲ့ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့မှအဖွဲ့ခွဲ ၄ ခေါင်းဆောင် လွှတ်တာ်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး အပါအဝင် ဒေါ်စန္ဒာမင်း၊ ဦးစိန်ဝင်း၊ ဦးမန်းဂျော်နီစတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတောင်သူ ၅ဝ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မထားစုရပ်ကွက်၊ (၄၄၆) ကျုံမနာကွင်းမှာရှိတဲ့ လယ်သမား (၁၃) ဦး စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀ ကျော်မှာ ဒဂုံဆိပ်ကမ်းမြို့နယ် အာဏာပိုင်တွေဘက်က လူအင်အား ၅၀ လောက်နဲ့ ဒီကနေ့မနက်က လယ်ယာမြေတွေထဲဝင်ရောက်ပြီး ခြံခတ်သွားတယ်လို့ သိရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက ရဲတွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး လယ်သမား ဦးလှဌေးက RFA ကို အခုလို ပြောပါတယ်။
" ဒဂုံဆိပ်ကမ်း ရဲမြို့နယ်မှူးတို့အဖွဲ့ပေါ့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ရော အင်အားတော်တော်များများပေါ့၊ မနက်က ၅ နာရီထိုးလောက် ကျနော်တို့ (၄၄၆) ကျုံမနာကွင်းမှာ လယ်သမား ၁၃ ဦးလုပ်ကိုင်နေတဲ့ ပစ္စည်းတွေရယ်၊ မျိုးစပါးတွေရယ် အကုန်လုံးကို တာပေါ်ကို ဆွဲတင်ပုံထားပြီးတော့ တဲကိုဖျက်ပြီး ခြံစည်းရိုးကို ပိတ်လိုက်ပါတယ်"
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်းကစပြီး လယ်သမား ၁၃ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ရွှေနဂါးမင်းကုမ္ပဏီက လယ်ယာမြေအကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး လယ်တစ်ဧကကို ကျပ်ငွေ ၅ သောင်းနှုန်းနဲ့ လျော်ကြေးပေးခဲ့ပါတယ်။
လယ်သမားတွေအနေနဲ့ လျော်ကြေးငွေ လက်မခံခဲ့ဘဲ လယ်မြေတွေပြန်ရဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့် လယ်လုပ်ခွင့်ပြန်မရခဲ့ဘူးလို့ လယ်သမားတွေကပြောပါတယ်။ ဒါကြောင့် လယ်သမားတွေဟာ ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်နေ့ကစပြီး မနေ့ကအထိ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့တာပါ။
အခုလို ဝင်ရောက်ဖျက်ဆီးသွားသူတွေကို လယ်သမားတွေဖက်က တရားစွဲဆိုမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။