သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ စောင့်ဆိုင်းနေကြတဲ့ သုံးခွမြို့နယ် ဒေသခံပြည်သူတွေ ကို မိန့်ခွန်းပြောရာမှာ အဲဒီလို ထည့်သွင်းပြောဆိုခဲ့တာပါ။
"အခု သုံးခွမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ကွိကျိကွိကျိနဲ့ စကားများနေကြတယ်ဆိုတာ ကြားကြလား ၊ (ကြားပါတယ်) ၊ အဲဒါအတွက် တောင်းပန်ပါတယ်၊ ကျွန်မတို့ရဲ့အဖွဲ့ချုပ်က ဒီလိုပဲ ပြည်သူလူထုတွေ စိတ်မချမ်းသာအောင်လို့ အချင်းချင်းစကားများတာတွေ ၊ အချင်းချင်းမတည့်တာတွေ ဖြစ်တာတွေအတွက်ကို တောင်းပန်ပါတယ်၊ ဒါပေမယ့်လည်း ဒါအတွက်လည်း သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့လို့ ကျွန်မပြောချင်ပါတယ်၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ ၊ ကျွန်မတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့အတွင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် စကားများကြတယ် ဘာတယ်ဆိုတာ ပြည်သူတွေက ကြားတယ်ဆိုတော့ ဒါ ကျွန်မတို့အတွက် အင်မတန်မှ ဝမ်းနည်းစရာဖြစ်တယ်၊ ဒါပေမယ့်လည်း အဲဒီ့ဟာဟာ စိုးရိမ်စရာမဟုတ်ပါဘူးဆိုတာ ကျွန်မပြောချင်ပါတယ်၊ ထိန်းသွားပါ၊ ကျွန်မတို့အဖွဲ့ချုပ်ကိုရော ဘယ်အဖွဲ့အစည်းကိုရော မဆို ပြည်သူတွေက ထိန်းသွားရမယ်၊"
သုံးခွမြို့နယ်ဟာ သောက်သုံးရေး ရှားပါးတဲ့ ပြဿနာကို နှစ်စဉ်ကြုံတွေ့ရတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရေကိစ္စကို အရေးကြီးကိစ္စလို့ သတ်မှတ်ပြီး စတင်ဆောင်ရွက်တော့မယ်လို့ ပြောပါတယ်။
"ရေကတော့ ကျွန်မကတော့ အရေးအကြီးဆုံးလို့ သတ်မှတ်ပါတယ်၊ သဘောတူရဲ့လား ၊ (တူပါတယ်) အဲဒီ့တော့ ရေနဲ့ပတ်သက်လို့တော့ ကျွန်မတို့အဓိကထားပြီးတော့ စပြီးတော့ ကူညီဖို့ကြိုးစားပါမယ်၊ နောက် တတ်နိုင်သမျှ တဖြည်းတဖြည်းပေါ့နော် ၊ ကျွန်မတို့ ဒီဟာတွေကို လုပ်နိုင်ဖို့ ကြိုးစားသွားပါမယ်၊ အခု ခြောက်သွေ့ရာသီလည်းရောက်တော့မယ်ဆိုတော့ ကျွန်မတို့ မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ သုံးခွမြို့ အမှတ်(၄)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးခန်းကနေ သုံးခွမြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။