အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ဖော်ပြ

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က အစိုးရကို တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ ၄ ခုထဲက မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

အဲ့ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာဝင် မိန်းမနဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ယောက်ျားတို့ ထိမ်းမြားခြင်းနဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးဟာ ဘာသာခြားဝင် ယောကျာ်းတစ်ဦးနဲ့ ထိမ်းမြားလက်ထပ်တဲ့အခါ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ထပ်မယ့်သူတွေဟာ အရင်ထိမ်းမြားခဲ့ဖူးသူတွေဆိုရင် ခင်ပွန်းဟောင်း ဒါမှမဟုတ် ဇနီးဟောင်းထံ အကြောင်းကြားရမှာဖြစ်ပြီး ၁၄ ရက်အတွင်း ကန့်ကွက်သူမရှိမှ အုပ်ချုပ်ရေးမှူးက ထိမ်းမြားပေးခွင့်ရှိတယ် လို့လည်း ပါရှိပါတယ်။

ဥပဒေမှာပါတဲ့ အခန်း ၅၊ ပုဒ်မ ၂၄ မှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ယောကျ်ားဟာ ဗုဒ္ဓဘာသာဝင် မိန်းမက ကိုးကွယ်လိုတဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပေးရမှာဖြစ်ပြီး မွေးဖွားလာတဲ့ သားသမီးကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရမယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ယောကျာ်းအနေနဲ့ ဥပဒေကြမ်းပါ ပြဌာန်းချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်သလို အများဆုံး ငွေဒဏ် ၅သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ပါရှိပါတယ်။