မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို တစ်ရက် ကျပ် ၇၀၀၀ ခုနှစ်ထောင်နှုန်း သတ်မှတ်သင့်ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)က ဒီနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ) ရန်ကုန်မြို့ ကျောက်မြောင်း ရပ်ကွက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက သူတို့တွက်ချက်မှုတွေမှာ အလုပ်သမားတစ်ဦးချင်းစီရဲ့ ဝင်တွေ ထွက်ငွေ အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစားတာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို အနိမ့်ဆုံးလုပ်ခလစာ တွက်ချက်နိုင်ဖို့ အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက မြို့နယ်ပေါင်း ၄၉ မြို့နယ်မှာ ကွင်းဆင်းလေ့လာပြီး တွက်ချက်ခဲ့တာလို့ သိရပါတယ်။
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ILO က တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးရာမှာ သူတို့ယူဆချက်ကို တင်ပြခဲ့ပါတယ်။
အစိုးရကလည်း အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဥပဒေပညာရှင်တွေ ပူးပေါင်းပြီး ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေဆီ စစ်တမ်းကောက်ယူတာတွေ ရှိခဲ့ပါတယ်။