ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD ပါတီဆုံးဖြတ်

လာမဲ့နိုဝင်ဘာ ၇ ရက်နေ့မှာ မြန်မာစစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ကြောင်း NLD ပါတီက ဩဂုတ်လ ၁၉ ရက် ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ ပြုလုပ်တဲ့ NLD ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်ပါ အချက် ၂ ချက်ကို ဦးတင်ဦးက အခုလို ပြောဆိုပါတယ်။

“၂၀၀၈ ခု ­ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိစေမည်ဟု မယုံကြည်သောကြောင့် ရွေးကောက်ပွဲကို အဖွဲ့ချုပ်က သပိတ်မှောက်သည်။ နောက်တချက်က မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ မဲမပေးပဲ နေခွင့်ရှိသည်။”

ဦးတင်ဦးနေအိမ်မှာ ကျင်းပတဲ့ အရေးပေါ် အစည်းအဝေးကို NLD ဗဟို အလုပ်အမှုဆောင်တွေနဲ့ ဗဟိုဦးစီးအဖွဲ့ဝင် တချို့ အပါအဝင် စုစုပေါင်း ၁၄ ဦး တက်ရောက်တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လိုခြင်း မရှိတဲ့အတွက် ပါတီကို နောက်တကြိမ် ပြန်ပြီး မှတ်ပုံမတင်ဘူးလို့ NLD ပါတီက ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။