နိုင်ငံရေးအကျဉ်းသားများကို NLD ခေါင်းဆောင်တွေ ဆက်လက်အားပေး

ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်-သိမ်ကြီးဈေးရှေ့ တကိုယ်တော်ဆန္ဒပြရင်း အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုထင်ကျော် အပါအဝင် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအတွင်း ဖမ်းဆီး အကျဉ်းချခံနေရတဲ့ သံဃာတော်တွေရဲ့ မိသားစုဝင်တွေကို NLD ပါတီခေါင်းဆောင်တွေ ဒီကနေ့ လိုက်လံ အားပေးခဲ့ကြောင်း သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ၃ နေရာခွဲပြီး သွားရောက်အားပေးခဲ့ကြောင်း သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဆိုရင် နိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့ ကိုစိုးမြင့်ထိန်အိမ်မှာ စုရပ်အဖြစ် သတ်မှတ်ပြီး ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြလို့ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ကိုယ်တိုင် အားပေးခဲ့ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့်က RFA ကို ပြောပါတယ်။

“တကိုယ်တော် ဆန္ဒပြတဲ့ ဒီ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က ကိုထင်ကျော်တို့ အဖွဲ့ပေါ့၊ အဲဒီမှာကျတော့ ကုန်ဈေးနှုန်း ကျဆင်းရေးလည်းပါတယ်၊ နောက်ပြီးတော့ ဟို ကျောင်းသားဆိုက်ကလည်း ပါတယ်။ ကိုထင်ကျော်ရယ်၊ ထားထားသက်ရယ်၊ နောက် ကိုစိုးမြင့်ထိန်လေ၊ နောက် ဘုန်းကြီးတပါး ဦးစန္ဒာဝရနော်၊ နောက်တယောက် ရှိသေးတယ်၊ ကိုခင်လှိုင်၊ အဲဒီ ငါးဦးပါပဲ ဒီအိမ်မှာကတော့လေ၊ ခေါင်းစဉ်ကတော့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ အနေနဲ့ တွေ့တာပေါ့။ အဲဒီမှာ အားပေးစကား အဓိက ပြောကြားတာကတော့ အန်ကယ် ဦးတင်ဦးပေါ့။ အန်ကယ် ဦးတင်ဦးကတော့ ဒီလို လာတွေ့တာဟာ ဟို ဝမ်းသာတယ်ဆိုတဲ့ စကားနဲ့ မိတ်မဆက်ချင်ပါဘူးတဲ့။ ကိုယ်ချင်းစာတရားနဲ့ပေါ့လေ၊ ဒါ နှုတ်ခွန်းဆက်တာပါပဲ ဆိုပြီးတော့ အန်ကယ်က အားပေးစကားလည်း ပြောတယ်၊ ပြီးတော့ သူတို့ လုပ်တဲ့ လုပ်ရပ်အတွက် ဂုဏ်ယူတယ် ဆိုတာလည်း ပြောပါတယ်။”

မြောက်ဥက္ကလာပနေအိမ် စုရပ်အပြီးမှာတော့ NLD ပါတီ ခေါင်းဆောင်တွေဟာ မြောက်ဒဂုံမှာ ရှိတဲ့ စုရပ်(၂) နေရာကို ဆက်လက် သွားရောက်အားပေးခဲ့ကြောင်း သိရပါတယ်၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမႝီရရဲ့ မိသားစုဝင်တွေ အကြောင်းအမျိုးမျိုးကြောင့် လာရောက်နိုင်ခြင်း မရှိတဲ့အတွက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ဘူးလို့ ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

မြောက်ဒဂုံမြို့နယ် NLD ဥက္ကဋ္ဌ ဦးသောင်းစိန်အိမ်ကို စုရပ်အဖြစ် သတ်မှတ်တဲ့ တွေ့ဆုံပွဲမှာတော့ ကျောင်းသားနဲ့ NLD နိုင်ငံရေးအကျဉ်းသားမိသားစုဝင် ၃၀ လောက် တက်ရောက်ကြောင်း သိရပါတယ်၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို သွားရောက်အားပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ ဒေါ်မေဝင်းမြင့်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“ဒီပေါ်မှာ ကျွန်မအနေနဲ့ မိသားစုတွေ ကြည့်ရတာလေ၊ စိတ်လည်း မကောင်းဘူးပေါ့နော်၊ ဥပမာ အခု ထားထားသက်ဆိုလို့ရှိရင် ကျွန်မ အတူလည်း နေခဲ့ရတယ်၊ သူတို့ အခု ခန္ဈီးတို့ ဘာတို့ အဝေးကြီး ရောက်သွားတဲ့အခါကျတော့ သူအပါအဝင် မိသားစု အားလုံးပါပဲ အခု တွေ့ခဲ့တဲ့ဟာတွေက အတော်များများက စိတ်မချမ်းသာစရာ အရမ်းကောင်းပါတယ်။ ကျွန်မတို့ အင်းစိန်ထောင်မှာ ကျွန်မနေခဲ့တုန်းက ဒီထောင်ဝင်စာအတွက် အိမ်က လာတာ တော်တော်လေး ခက်ခဲတာပေါ့နော်၊ ဒါတောင်မှ ဒီ ရန်ကုန်မြို့တွင်းတောင်မှ ကြာလာတဲ့အခါကျတော့ ဟို ထောင်ဝင်စာရဲ့ ဝန်လည်း ပိတာပေါ့။ ခုလို ဟိုး နယ်တွေ အဝေးကြီးမှာ သွားနိုင်တဲ့ မိသားစုကလည်း အလွန်ဆုံး သွားနိုင်ရင် တလတခါ ဆိုတော့ အဆင်ပြေတဲ့ မိသားစုတောင်မှ တော်တော်လေး သွားရလာရ ခက်ခဲရင် ဒီ အဆင်မပြေတဲ့ မိသားစုဆိုရင် တော်တော်ကြီးကို ဒုက္ခရောက်မယ်။ ကျွန်မအနေနဲ့တော့ ကိုယ့်ဗမာအချင်းချင်း ဒီလိုလုပ်ရလား၊ ကိုယ့်မိသားစုလို ကိုယ်ချင်းစာတရားလေး ထားကြပါလားဆိုတာ ကျွန်မအနေနဲ့တော့ ပြောချင်ပါတယ်။”

နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေကို NLD ပါတီက ဒီကနေ့ သွားရောက်အားပေးရာမှာ NLD ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး ၊ ဦးဝင်းတင်၊ ဒေါ်မေဝင်းမြင့်တို့အပြင် ရန်ကုန်တိုင်း NLD ပါတီခေါင်းဆောင် ၄ ဦး NLD ဗဟိုအမျိုးသမီးအဖွဲ့ဝင်တဦးနဲ့ လူငယ်တာဝန်ခံတွေလည်း ပါဝင်ကြောင်း သိရပါတယ်။