အစီအစဉ် အသေးစိတ်ကို ပါတီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေမဲ့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေ အပါအဝင် ပြည်နယ်တွေမှာ နေထိုင်သူ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်က ထွက်ခွာသွားတဲ့ အဖွဲ့နဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခုလိုပြောပါတယ်။
“ဦးအုန်းကြိုင်ရယ်၊ ဒေါက်တာ မေဝင်းမြင့်ရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ်၊ နောက် လူငယ်က ကိုမျိုးညွန့်ရယ်၊ အခု တိုင်းရင်းသား ဒေသတွေကို ဦးစားပေးပြီးတော့ အခု မန္တလေးဝင်မယ် ပြီးတော့ သူတို့ လားရှိုးဖက် သွားမယ်။”
အလားတူ NLD ပါတီ အနေနဲ့ ပြည်နယ်တိုင်းတွေကို အဖွဲ့တွေ ဆက်တိုက် စေလွှတ်ဖို့ ရှိပါတယ်။ ပါတီက ရေးဆွဲထားတဲ့ ခရီးစဉ် စုစုပေါင်း ၈ခု ရှိပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဝင်းတင်တို့ ဦးဆောင်တဲ့အဖွဲ့များ၊ အဖွဲ့၃ဖွဲ့ထက်မနည်း ခရီးများ ဆက်တိုက် သွားရောက်ဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
