ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တွေ NLD ဆွမ်းကပ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက သံဃာအပါး ၁၂၀ ကျော်ကို စက်တင်ဘာ ၇ ရက် အင်္ဂါနေ့က ဆွမ်းကပ် လှူဒါန်းတယ်လို့ သိရပါတယ်၊

ဒါဟာ ပထမဆုံးအကြိမ် လှူဒါန်းတာလို့ စစ်တွေမြို့နယ် NLD ဥက္ကဋ္ဌ ဦးစံရွှေထွန်းက ပြောပါတယ်၊

“ဒေါ်စု လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆိုပြီးတော့ သံဃာတော် အပါး ၁၂၆ ပါးကို ဆွမ်းလောင်းတယ်ခင်ဗျ။ စစ်တွေမှာ ပြည်နယ် စည်းကော်မတီနဲ့ မြို့နယ်စည်း ကော်မတီ ဥက္ကဋ္ဌ ပေါင်းပြီးတော့ ပြည်သူလည်း ပါတယ်လေ။ ရပ်ကွက် ဓမ္မာရုံရှေ့မှာ လုပ်ပါတယ်။”

စစ်တွေမြို့က မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းတိုက် ထူထောင်ပြီး မိဘမဲ့ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ဦးပညာစာရဟာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်တဲ့ ပရဟိတ္တဘုန်း ရဟန်းဖြစ်တဲ့အတွက် ထိန်းသိမ်း စစ်ဆေးခံနေရတဲ့ ဆရာတော်ကို ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်က ဆရာတော် ၁၄ ပါးက ရခိုင်ပြည်နယ် တိုင်းမှူးထံ မေတ္တာရပ်ခံစာ တစောင် စက်တင်ဘာ ၁၀ ရက် ဒီနေ့ ပေးပို့လိုက်ပါတယ်၊

ဆရာတော် ဦးပညာစာရကို စွပ်စွဲထားတဲ့ ကိစ္စရပ်တွေဟာ ဝိနည်းတော်အရ အပြစ်ရှိ-မရှိကို သက်ဆိုင်ရာ ဝိနည်းဓိုရ်ဆရာတော်တွေက ဆုံးဖြတ် စီရင်ရမဲ့အကြောင်းလည်း မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်၊

မနေက ကျရောက်တဲ့ ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ကျင်းပဖို့ ခွင့်ပြုချက် တောင်းခံပေမဲ့ ခွင့်ပြုချက် မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်၊

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်မပြုရသေးတဲ့ သတင်းအရ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်၊