ရွေးကောက်ပွဲနီးလေ ပါတီတွေ အခက်အခဲ ပိုတွေ့လာကြောင်း NLD ဝေဖန်

စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ရွေးကောက်ပွဲ နီးလာလေ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုပါတယ်။

2010.08.21
u_tin_oo_office_305_Z အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)
RFA

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးခြင်း မပြုတာကြောင့် အခု ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာခဲ့သလို မဲမပေးဘဲ သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတချို့ အပေါ် ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။ အစိုးရ ကျောထောက်နောက်ခံ ပါတီတွေကို ထောက်ခံတဲ့ မဲတွေပဲ ရသွားနိုင်တယ်လို့ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးကပ်လာလေ စစ်အစိုးရက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး ပိုမို တင်းကြပ်လာတာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ ပိုပြီး ရင်ဆိုင်လာရတာ တွေ့ရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ကြောင့်တင် မဟုတ်ပါဘူး။ ကော်မရှင်က လုပ်ကိုင်နေတဲ့ စည်းမျဉ်းတွေ ဥပဒေတွေ၊ ထုတ်ပြန်နေတဲ့ တင်းတာတွေ ကြပ်တာတွေ၊ နောက် ပြောဆိုခွင့်မရှိတာတွေ၊ ဒါတွေနဲ့ အကုန်လုံး အကြပ်အတည်း ဖြစ်နေတာပဲ။ အဲဒီတော့ ကျနော်တို့ချည်း မဟုတ်ပါဘူး၊ သူတို့ဟာ သူတို့လည်း မလွယ်ပါဘူး။ ပိုဆိုးတာက ၃၁ ရက်နေ့မှာ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် စာရင်းတင်ရမယ်၊ မတင်ရင် အဲဒါတွေနဲ့ ပတ်သက်လို့ ဆက်လက်တင်ခွင့် မရဘူးဆိုတော့ အခုရက်ကလည်း ဘာမှ မကျန်ဘူး။ သူတို့လည်း တက်သုတ်ရိုက်လုပ်တောင် မီမှာမဟုတ်ဘူး၊ အဲဒီတော့ သူတို့လည်း ညည်းညူနေတာပေါ့။ အဲဒီလို ဖြစ်နေတဲ့ကြားထဲမှာ ကျနော်တို့ကတော့ ပြတ်ပြတ် တခုပဲ ပြောလိုက်တယ်။ သို့သော်လည်းပဲ ဒါနဲ့ပတ်သက်လို့ နောက်ထပ် စဉ်းစားစရာ အချက်အလက် ရှိတာလေးတွေတော့ ချွင်းချက်အဖြစ်နဲ့ ပါမယ်ပေါ့”

NLD အနေနဲ့ရွေးကောက်ပွဲမဝင်ဖို့ဆုံးဖြတ်ခဲ့ ပြီးတဲ့နောက်မှာ ရှေ့ ဆက်သွားမယ့် လုပ်ငန်းစဉ် တခုအနေနဲ့ စစ်အစိုးရ တဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ဖို့ ကြေညာလိုက်တာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။

“လူတွေနားလည်အောင်၊ အထူးသဖြင့် ကျနော်တို့ အဖွဲ့ချုပ် ပါတီဝင်တွေ နားလည်အောင်က ပြတ်ပြတ်ပဲ ပြောရမှာပဲ၊ တိုတိုတုတ်တုတ်ပဲ ပြောရမှာပဲ။ လျှောက်ပြီးပြောနေလို့ရှိရင် သူတို့လည်း မရွေးတတ်၊ မလုပ်တတ် မကိုင်တတ်နဲ့ ဖြစ်ကုန်မှာစိုးလို့။ ကျနော်တို့ မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတော့ ဒါက သူတို့နဲ့ သီးခြား လွတ်လွတ်ကင်းကင်းနေတော့ သပိတ်မှောက်တယ်လို့ပဲ နားလည်လွယ်အောင် ပြောလိုက်တာပဲ။ နောက်ပြီးတော့ မဲပေးတာ ပေးနိုင်တယ်ဆိုတာတော့ သိပြီးသားပဲ။ ဒါပေမယ့် အဖွဲ့ချုပ် အနေနဲ့ကတော့ မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတော့ ဒါနဲ့ ပတ်သက်တာအားလုံးကို မဲမပေးပေမယ့်လည်း သူတို့ သတ်မှတ်ထားသော ဥပဒေနဲ့အညီ မဲမပေးပိုင်ခွင့်ရှိတယ်၊ ဒီလိုပဲ ကျနော်တို့ကတော့ ခပ်တိုတိုပဲ ပြောလိုက်မှာပဲ”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့နိုင်ငံရေးအရ စည်းရုံးရေး လုပ်ငန်းစဉ်တွေ၊ လူထု အကျိူးပြု လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-08-24 04:45

that great idea