ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်တဲ့ အဖွဲ့က စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို ခရီးထွက်ခဲ့တာ ဖြစ်ပြီး ဦးဟံသာမြင့် ဦးဆောင်တဲ့ အဖွဲ့က အထက်မြန်မာပြည်ကို ခရီးထွက်ခဲ့တာပါ။
ဦးဟံသာမြင့်က ခုလိုပြောပါတယ်။
“တောင်ဘက်ဆုံး အောင်လံကနေပြီးတော့ မြောက်ဘက်ကျတဲ့ မြောင်နဲ့ ရေစကြိုလောက်ထိ ရောက်ခဲ့ပါတယ်။ မြို့နယ် ၇ ခုတော့ မကဘူးပေါ့။ တွေ့တဲ့ နေရာတော့ ကျွန်တော်တို့ အဖွဲ့က အဖွဲ့ဝင်တွေကော အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကော၊ နောက် စိတ်ပါဝင်စားတဲ့ လူတွေပါ၊ အကုန်လုံးကတော့ တက်တက်ကြွကြွနဲ့ စည်းစည်းရုံးရုံး ရှိနေတာကိုပဲ ကျွန်တော်တို့ တွေ့ရတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းက အဖွဲ့ဝင်တွေ အနေနဲ့ကတော့ နောက်ဆုံး ကျွန်တော်တို့ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဒီ ရွေးကောက်ပွဲကို မပတ်သက်ဖူး၊ သပိတ်မှောက်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့က အကုန်လုံးကတော့ သဘောတူ လက်ခံပြီးတော့ အကုန်လုံး ကျေကျေလည်လည် ရှိကြပါတယ်။ အဲလောက်ပဲ ကျွန်တော်တို့ တွေ့ခဲ့တယ်။”
အလားတူ ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပ၊ုံ စစ်တွေ စတဲ့ မြို့တွေကို ၉ ရက် ခရီးထွက်ခဲ့တဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်တဲ့ အဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ ကိစ္စတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြေပုံမြို့မှာတော့ ထူးခြားမှုတခု ရှိတယ်လို့ ပြောပါတယ်။
“ထူးထူးခြားခြားတော့ ကျွန်မတို့ မြေပုံမှာတော့ ကျွန်မတို့ အာဏာပိုင်တွေနဲ့ တွေ့ရတာပေါ့နော်။ သူတို့ကလည်း တခါမှ ဒီ မြေပုံ မဝတကလည်း ဒီ NLD နဲ့ ထိတွေ့မှု နည်းပါးတာပေါ့။ တခါမှလည်း ဗဟိုက ဆင်းလာတာတွေ မရှိတဲ့အခါကျတော့ သူတို့ဖက်ကလည်း နည်းနည်း အစိုးရိမ်လွန်ပါတယ်။ ကျွန်မတို့ ရောက်လာတဲ့အခါကျတော့ သူတို့ အစိုးရိမ် လွန်ပြီးတော့ ခေါ်တွေ့တာ ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာလည်း ဆွေးနွေးတဲ့အခါကျတော ့ အဆင်ပြေပြေ ဖြစ်သွားပါတယ်။ ကျွန်မတို့ ဒီ ရှင်းလင်းတာကိုလည်း သူတို့ လက်ခံပြီး နောက်ပိုင်းမှာ ဒါတွေဟာ ဘာမှ တည်ဆဲ ဥပဒေနဲ့ မငြိဘူးဆိုတော့ အကုန်လုံး အဆင်ပြေသွားပါတယ်။”
NLD ပါတီအနေနဲ့ လွန်ခဲ့တဲ့လပိုင်းတွေကစပြီး နယ်လှည့် စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်လျက်ရှိရာ အလားတူ ခရီးစဉ်တွေကို ထပ်သွားဖို့ အစီအစဉ်များ ရေးဆွဲ ထားတယ်လို့ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင် နေထိုင်မကောင်း ဖြစ်နေရာက စက်တင်ဘာ ၂၃ ရက် မနေ့က ရုံးပြန်တက်နိုင်ပြီ ဖြစ်တာကြောင့် ဦးဝင်းတင်နဲ့ အဖွဲ့တဖွဲ့လည်း စည်းရံးရေးထွက်ဖို့ ခရီးစဉ် ရေးဆွဲထားတယ်လို့ ဦးတင်ဦးက ပြောပါတယ်၊