လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ဆုတောင်းပွဲပြုလုပ်ပြီး ဆန္ဒပြခဲ့တဲ့ ဧရာဝတီတိုင်းက ဒေသခံ ၉ ဦးကို ဒီကနေ့ ပုသိမ်မြို့နယ် အသည်ကြီးရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
အခုလို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရားဥပဒေအတိုင်း ပြန်လည်ချေပသွားမယ်လို့ တရားစွဲခံထားရသူ ကိုကျော့မောင်က RFA ကို ပြောပါတယ်။
"အခု လက်ရှိစခန်းမှူးကနေပြီးတော့ ပုဒ်မ ၁၈ နဲ့ တရားစွဲပါတယ်ဆိုပြီး ဒီနေ့ခေါ်ပြောပါတယ် ခင်ဗျ၊ ရှေ့ဆက်ပြီးတော့ ကျနော်တို့ သူတို့ကို အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်မယ်၊ သူတို့စွဲတဲ့ဟာကို ကျနော်တို့ငြင်းဆန်မယ်၊ ကျနော်တို့ စာတင်ပါတယ်ဆိုတဲ့အကြောင်း လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့၊ နောက်ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆုတောင်းပြီးတော့ ဘုရားမှာရှိခိုးပြီးတော့ မလှည့်ဘူးဆိုတဲ့အကြောင်း ကျနော်တို့ငြင်းဆန်မယ်ခင်ဗျ"
ယခုနှစ် ဇန်နဝါရီလနဲ့ မတ်လအတွင်းက လက်ပံတောင်းတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆုတောင်းပွဲနဲ့ ဆန္ဒပြပွဲတွေကျင်းပဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဦးဆောင်သူ ၉ ဦးကို အခုမှ ပုသိမ်မြို့နယ် အသည်ကြီးရဲစခန်းက ပြန်လည်တရားစွဲဆိုတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို အသည်ကြီး ရဲစခန်းက ပြန်လည်ဖြေကြား ဖို့ ငြင်းဆိုပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်သူတွေထဲမှာပါဝင်တဲ့ ကိုကျော်စွာအပါအဝင် ၃ ဦး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ဆုတောင်းပွဲမှာပါဝင်သူ ကိုကျော့မောင်အပါအဝင် ၆ ဦး စုစုပေါင်း ၉ ဦးကို အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီဆန္ဒပြပွဲနဲ့ ဆုတောင်းပွဲတွေကို တကောင်းဘုရားနဲ့ ရွှေမုတ္တောဘုရားတို့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။