သမ္မတ အိုဘားမား မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ လွှတ်ပေးတာ ဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးအရ အပေးအယူလုပ်သလိုမျိုး ဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဝေဖန်ပြောဆိုကြပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅၂ ဦးဟာ ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်က ၁၀ ဦး၊ မန္တလေး၊ အိုးဘိုအကျဉ်းထောင်က ၄ ဦး၊ သရက်အကျဉ်းထောင်က ၄ ဦး၊ သာယာဝတီ အကျဉ်းထောင်က ၁၂ ဦး၊ ရမည်းသင်းအကျဉ်းထောင်က ၁ ဦး၊ လွိုင်ကော်ထောင်က ၂ ဦး၊ ကလေး အကျဉ်းထောင်က ၁ ဦး၊ တောင်ငူထောင်က ၄ ဦး၊ ရွှေဘိုထောင်က ၆ ဦး၊ မော်လမြိုင်ထောင်က ၁ ဦး၊ လားရှိုးထောင်က ၁ ဦး၊ တောင်ကြီးအကျဉ်းထောင်က ၅ ဦးနဲ့ မြောင်းမြအကျဉ်းထောင်က ၁ ဦးတို့ ဖြစ်တယ်လို့ ဒီကနေ့ ညနေပိုင်းစာရင်းတွေအရ သိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ဒီကနေ့ မနက်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မေးမြန်းပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်က လွတ်မြောက်လာတဲ့ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ တည်ထောင်သူ ရှေ့နေ ဦးမြင့်အေးကို RFA သတင်းထောက် မသူဇာက မေးမြန်းထားပါတယ်။
မန္တလေးမြို့အိုးဘိုထောင်က လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် အဖွဲ့ဝင် ကိုမောင်မောင်ဦးကို RFA ဝိုင်းတော်သား ဦးဘအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်က ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားတပ်မတော်က အဖွဲ့ဝင် ကိုလင်္ကျာထွန်းကို RFA သတင်းထောက် မဇင်မာဝင်းက မေးမြန်းထားပါတယ်။