အစိုးရနဲ့ ပလောင်လွတ်မြောက်ရေး တပ်ဦး ဇူလိုင် ၃၁ မှာ ငြိမ်းချမ်းရေးဆွေးနွေးမယ်

ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီအဖွဲ့တွေ ဇူလိုင်လ ၃၁ ရက်နေ့မှာ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း လေ့လာသူအဖြစ် တက်ရောက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ တအောင်းအမျိုးသားတပ်မတော် TNLA ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ PSLFအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မီတီအဖွဲ့တွေ မူဆယ်မြို့မှာတွေ့ဆုံဖို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားတယ်လို့ အဲဒီဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင်မယ့် PSLF အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး မိုင်ဖုန်းကျော်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ PSLF အဖွဲ့အနေနဲ့ ကေအိုင်အို၊ ကေအဲန်ယူ၊ မွန်ပြည်သစ်ပါတီ NMSP၊ UWSA ဝ အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများကို လေ့လာသူအဖြစ်တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။ နှစ်ဖက်ဆွေးနွေးကြမယ့် အကြောင်းအရာအချို့ကို မိုင်ဖုန်းကျော်က ခုလို ဆက်ပြောပြပါတယ်။

"သူတို့ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးတွေ ဆွေးနွေးရမယ်၊ ပြီးတော့ နေရာသတ်မှတ်ရေးတွေလုပ်မယ်၊ နှစ်ဖက်လက်နက်မပါပဲနဲ့ သွားနိုင်တဲ့နေရာတွေ ဆွေးနွေးရမယ်၊ ပြီးတော့ ဆက်ဆံရေးရုံးဖွင့်မယ်၊ ဒါသူတို့ဘက်က တင်ပြတာပေါ့၊ ကျနော်တို့ဘက်ကလည်း နိုင်ငံရေးတွေ့ဆုံဖို့ကိစ္စ ဆွေးနွေးရမယ်၊ နှစ်ဖက်စစ်ဆင်ရေးလျော့ဖို့ ဘယ်လိုလုပ်ရမလဲစသဖြင့် ပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို စစ်ဘေးရောက်နေတဲ့ရွာတွေကို ဘယ်လိုလုပ်မလဲစသဖြင့် ကျနော်တို့ဘက်ကတော့ ဒါတွေပြောထားပါတယ်၊ ဒါပေမယ့် အတိအကျကတော့ အစည်းအဝေးရောက်မှပဲ ပိုပြီးတိတိကျကျသိရမယ်လို့ ထင်ပါတယ်"

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီတို့ လွန်ခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးပြီးနောက် အခုဆွေးနွေးပွဲဟာ ပထမဆုံး တရားဝင်တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသအတွင်းမှာ လက်ရှိနောက်ဆုံးအခြေအနေအရ နှစ်ဖက်တပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပြီး ဒီကနေ့လည်း ကွတ်ခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။