အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ဖို့အတွက် ကျင်းပတဲ့ ဒီနေ့ ၅ ရက်မြောက် ဆွေးနွေးပွဲမှာ နိုင်ငံရေးမူဘောင်ရေးဆွဲရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲပုံစံ သတ်မှတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဦးနိုင်ဟံသာက အခုလို ပြောကြားခဲ့တာပါ။
"လုပ်ငန်းစဉ်တွေကို တဆင့်ပြီးတဆင့် ဘာတွေလုပ်သွားမယ်ဆိုတဲ့ကိစ္စလည်း အဲ့ဒီမှာကတော့ အရေးကြီးတဲ့အပိုင်းက အရင်ကအစိုးရဘက်က တင်ပြထားတဲ့လူမှုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကို ဘယ်လိုသီးသန့်ဆွေးနွေးသွားမလဲ၊ ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲဆိုတဲ့အပိုင်းတွေ အဲ့ဒီကိစ္စတွေ အပါအဝင် နောက်ဒီဆုံးဖြတ်ချက်တွေကို လွှတ်တော်ကိုဘယ်လိုတင်မယ် စသည်ဖြင့်အဲဒီ့မှာ အဲ့ဒါတွေ အားလုံးပါတယ်"
ဒါ့အပြင် ပြည်ထောင်စုတပ်မတော်နဲ့ တပ်နေရာချထားရေးကိစ္စတွေကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးသွားဖို့ လည်း သဘောတူခဲ့ကြပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ဟာ ကြားကာလအစီအစဉ်ပိုင်းမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်မူကို အာမခံပေးနိုင်ရေး၊ မတရားအသင်း ပုဒ်မ ၁၇ ပြင်ဆင်ရေးနဲ့ ယုံကြည်မူတည်ဆောက်ရေး စတဲ့ကိစ္စရပ်တွေကို မနက်ဖြန် ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျှန်မှုန်းဆာခေါင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။