ကျောင်းသားတွေအပေါ် အကြမ်းမဖက်ဖို့ မြို့ကြီးတွေမှာ ဆန္ဒပြတောင်းဆို

0:00 / 0:00

0:00 / 0:00

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်အနီးမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက်ဖြိုခွဲတာတွေ မလုပ်ဖို့ မန္တလေး၊ ရန်ကုန်၊ မုံရွာနဲ့ ပခုက္ကူမြို့တွေမှာ မြို့ခံတွေနဲ့ ကျောင်းသားကျောင်း သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

မုံရွာတက္ကသိုလ်ရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုတဲ့ မုံရွာတက္ကသိုလ် ကျောင်းသားအသင်းအဖွဲ့များ ကွန်ရက်အဖွဲ့ဝင် ကိုနိုင်ထွဋ်ဦးက အကြမ်းဖက်နှိမ်နင်း တာမလုပ်ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

"ကျနော်တို့ ကျောင်းသားတွေဆီမှာ ဘာလက်နက်မှ မပါဘူး၊ ကျနော်တို့တောင်းဆိုတာက ပညာရေးစနစ် တစ်ခုတည်း၊ ကျနော်တို့က အာဏာလိုချင်လို့လည်း မဟုတ်ဘူး၊ နေရာလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့က ဒီပညာရေးဥပဒေကိုပြင်တယ်၊ ကျနော်တို့နိုင်ငံ ပညာရေးစနစ်ကောင်းဖို့အတွက် ဦးတည်ချက်တစ်ခုအနေနဲ့ ထားပြီးလုပ်တယ်၊ အာဏာပိုင်တွေအနေနဲ့ ရိုင်းပြပြုမူဆက်ဆံတာတွေလုပ်တယ်၊ မတရားတာတွေလုပ်တဲ့တယ်"

အလားတူ မန္တလေးမြို့ ကျုံးနံဘေးမှာ ကျောင်းသူ ကျောင်းသား ၄၀ လောက်နဲ့ မြို့ခံတချို့က လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်တာမလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပခုက္ကူ နဲ့ ရန်ကုန်မြို့တွေမှာလည်း ကျောင်းသား ကျောင်းသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မဖြိုခွဲဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လက်ပံတန်းကနေ သာယာဝတီမြို့အထိ ချီတက်မယ့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက်က ဒီကနေ့ မနက်ကစပြီး တားဆီးခဲ့တာကြောင့် သပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေနဲ့ သံဃာတော်တွေဟာ အောင်မြေဗိမာန်ကျောင်းအနီးက လမ်းထိပ်မှာ တစ်နေကုန် အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြကျောင်းသားတွေနဲ့ အာဏာပိုင်တွေအကြား ပေါ်ပေါက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့သဘောထားအမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိတင်ပြထားတာ နားဆင်နိုင်ပါတယ်။

အခုလို ဆန္ဒပြကျောင်းသားတွေနဲ့ အာဏာပိုင်တွေအကြား တစ်နေ့တခြားတင်းမာလာတဲ့ အခြေအနေအပေါ် ပြည်သူလူထုရဲ့ စိုးရိမ်မှုနဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခက်မာ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။