ပျူမြို့ဟောင်း(၃) မြို့ ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းနိုင်ဖို့ ယူနက်စကိုသို့ တင်သွင်းမည်

မြန်မာနိုင်ငံက ဗိဿနိုး၊ ဟန်လင်းနဲ့ သရေခေတ္တရာ ရှေးခေတ် ပျူမြို့ဟောင်း(၃) မြို့ကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းနိုင်ဖို့အတွက် ကွင်းဆင်းသုတေသန အချက်အလက် မူကြမ်းတွေကို ယူနက်စကို (UNESCO) အဖွဲ့ဆီ အခုလ နောက်ဆုံးပတ်အတွင်း စတင်တင်သွင်းမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက မနေ့က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပျုမြို့ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ရေး မူကြမ်း ပြုစုရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းဝင်း က RFA ကို အတည်ပြု ပြောကြားပါတယ်။

"ဒီ Final Draft ကို UNESCO ကသတ်မှတ်ထားတဲ့ ပုံစံအတိုင်း သုံးစုံ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ပို့ပြီ။ ထပ်ပြီးတော့ ပြင်ခိုင်းစရာ ရှိတာကိုပဲ ပြင်တော့မယ်။ ပြင်ပြီးတော့ ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး နောက်ဆုံးအချော ပြန်ပို့မယ်"

ပဲခူးတိုင်း ပြည်မြို့နယ် မှော်ဇာကျေးရွာမှာရှိတဲ့ သရေခေတ္တရာ မြို့ဟောင်း၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာရှိတဲ့ ဟန်လင်းမြို့ဟောင်းနဲ့ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာရှိတဲ့ ဗိဿနိုးမြို့ဟောင်းတွေဟာ ဘီစီ (၄) ရာစုကနေ(၉) ရာစုအထိ ထွန်းကားခဲ့တဲ့ ပျူမြို့ဟောင်းတွေဖြစ်ပါတယ်။

အဲဒီ ပျူမြို့ဟောင်း (၃)မြို့ ကို ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရှေးဟောင်း သုတေသနဌာနက ပညာရှင်တွေ ကွင်းဆင်းလေ့လာခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက် မူကြမ်းတွေကို ယူနက်စကို အဖွဲ့ဆီ ပေးပို့သွားမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနစ် ဇွန်လမှာ ကျင်းပ မယ့် (World Heritage committee) ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးက မြန်မာနိုင်ငံ ပျူမြို့ဟောင်းတွေကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းသင့်မသင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနက်စကို (UNESCO) ဗဟိုက တာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပျူမြို့ဟောင်း (၃) မြို့ကို သွားရောက် ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ကြပါတယ်။