လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်က ဒုက္ခသည်စခန်းတွေကို လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိပြီး၊ နေ့လည်ပိုင်းမှာ မြေပုံ မြို့က ဒုက္ခသည်စခန်းတွေကို လေ့လာခဲ့ပါတယ်။

မစ္စတာ ကင်တားနား၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam နဲ့ အဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ပြည်နယ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် နေ့လည်ပိုင်းမှာ မြေပုံမြို့မှာရှိတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဘက်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အခြေအနေ၊ လူ့အဖွဲ့အစည်းနှစ်ခုကြား အတူယှဉ်တွဲနေထိုင်ဖို့အတွက် ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောထားတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားတို့အဖွဲ့ဟာ ညနေပိုင်းမှာ ပေါက်တောမြို့နယ်က ဒုက္ခသည်စခန်းတွေကို ဆက်လက်သွားရောက် လေ့လာမှာဖြစ်ပါတယ်။ မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး စစ်တွေအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကုလသမဂ္ဂ ရခိုင်ပြည်နယ် ဝန်ထမ်းဟောင်း ဒေါက်တာထွန်းအောင်နဲ့ သွားရောက်တွေ့ဆုံဖို့ရှိသလို စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိပါတယ်။