ရွေးကောက်ပွဲကို အထူးစောင့်ကြည့်ဖို့ ကုလထိပ်တန်းအရာရှိကြီးတိုက်တွန်း

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမရှို အထူးကြပ်မတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီး မစ္စစ် နာဗီပီလေးက နိုင်ငံတကာကို တိုက်တွန်းလိုက် ပါတယ်။ ရွေးကောက်ပွဲမှာ ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ခြိမ်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေကနေ ကာကွယ်ရမယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အသေးစိတ် လုပ်ငန်းတွေကိုတော့ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက ထည့်သွင်းပြောဆိုတာ မရှိပါဘူး။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက် တနင်္လာနေ့ကနေစပြီး လူ့အခွင့်အရေး ကောင်စီအစည်းအဝေးကို ၃ ပတ်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ တိုက်တွန်းချက်ကို အဲဒီအစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုမဲ့ အချက်တချက်အဖြစ် စက်တင်ဘာ ၈ ရက် မနေ့က ပြောဆိုလိုက်တာပါ။

လူ့အခွင့်အရေးကော်မရှင် မင်းကြီးရဲ့ အဲဒီမိန့်ခွန်းမှာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာ အခြေအနေတွေကို ထည့်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။