မြန်မာအစိုးရ လက်ရှိဆောင်ရွက်ချက် တချို့ အပေါ် အမေရိကန် အားရ

မြန်မာအစိုးရရဲ့ လက်ရှိ ဆောင်ရွက်ခဲ့တဲ့ အပြောင်းအလဲ တချို့ အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီ ပိုပေးမယ့် အပြင် သံတမန်ရေးမှာလည်း သံအမတ်ကြီး အဆင့် ပြန်လည် တိုးမြှင့်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2011.12.01
clinton-naypyidaw-press-305 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မြို့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)
US State Department

နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ အတွက်လည်း အမေရိကန် ပြည်ထောင်စုက ထောက်ပံ့ ကူညီဖို့ အသင့်ရှိကြောင်း၊ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေးနဲ့ တိုင်းရင်းသား ပဋိပက္ခ အဆုံးသတ်ရေး ကိစ္စတွေ ဆောင်ရွက်ဖို့ လိုနေသေးကြောင်း၊ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မလုပ်သင့်တာတွေကို မရပ်တန့်ရင်လည်း အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းဖို့ ဖြစ်နိုင်မှာ မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးအဖွဲ့ကို အသိပေးခဲ့တယ်လို့ ဟီလာရီ ကလင်တန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိမိ တင်ပြခဲ့တဲ့ အချက်တွေ အကောင်အထည် ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်းလည်း ဟီလာရီ ကလင်တန်က ဆိုပါတယ်။ အခုလက်ရှိ အစိုးရက ဆောင်ရွက်ခဲ့တဲ့ အပြောင်းအလဲလေးတွေဟာ အစ နိဒါန်း ခြေလှမ်းလောက်သာ ရှိသေးတယ်လို့လည်း ပြောပါတယ်။

စီးပွားရေး ပိတ်ဆို့မှု ရှေ့အလားအလာနဲ့ပတ်သက်ပြီး ရုပ်သိမ်းဖို့ မရုပ်သိမ်းဖို့ ဆုံးဖြတ်ရမယ့် အချိန် မဟုတ်သေးကြောင်း၊ မြန်မာ အစိုးရ အနေနဲ့ အခုလို ပူးပေါင်း ဆောင်ရွက်သွားရင် သက်သာလာနိုင်ကြောင်း၊ အကျဉ်းသားတွေ လွှတ်ဖို့ ကိစ္စကိုလည်း ပြောဆိုခဲ့ကြောင်း၊ သမ္မတကြီးက လုပ်ဆောင်စရာ ရှိတာတွေ ဆက်လုပ်မယ်လို့ ပြောတဲ့ အကြောင်း ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ပါတယ်။

အလားတူ မြန်မာပြည် ရင်ဆိုင်နေရတဲ့ ပြဿနာဟာ အမေရိကန်နဲ့ ဆက်ဆံရေး ဒါမှမဟုတ် တခြား နိုင်ငံတွေနဲ့ ဆက်ဆံရေး ကိစ္စ မဟုတ်ဘဲ ခေါင်းဆောင်လုပ်သူတွေက ပြည်တွင်းမှာ ရှိထားပြီးသား သဘာ၀ သယံဇာတတွေ၊ အရင်းအမြစ်တွေ၊ လူ့စွမ်းအားတွေစတဲ့ ဘုရားပေးတဲ့ အလားအလာတွေကို ပြည်သူတွေ ရယူ ဆောင်ရွက်ခွင့်ပြုပြီး ဒေသတွင်းမှာ နေရာတစ်ခု ရအောင် ယူမှာလား၊ ဒါမှမဟုတ် နောက်ကျ ကျန်ခဲ့မလား ဆိုတာ ရွေးချယ်ဖို့ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။