အစိုးရတပ်နဲ့ ရခိုင့်တပ်မတော် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ မနေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ကျေးရွာသားတွေ ဘေးကင်းရာကို ထွက်ပြေးနေကြရပါတယ်။

မနေ့က မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမကျေးရွာနားမှာ လက်နက်ကြီးသံတွေ ကြားရတာကြောင့် ကျေးရွာသား ၆ဝ လောက်ဟာ ကျောက်တော်မြို့နယ် သင်ညာဝရွာကို ထွက်ပြေးလာကြတယ်လို့ သင်ညာဝရွာသူ မခိုင်အေးနုက ပြောပါတယ်။

"ဒီနေ့ကတော့ ကြားရတယ်၊ အဝေးကြားရတာ ကျမတို့နဲ့၊ မနက်အစောကြီး ၈ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ ပစ်တယ်၊ ကျမတို့နဲ့ ဝေတော့ဝေးပေမယ့် ခဏခဏ ကြားရတယ်လေ၊ ဒုက္ခသည်တွေရောက်နေတာလေ လူပေါင်း ၃ဝ ကျော် ဒီကို ၁၁ နာရီလောက်ရောက်တယ်၊ သူတို့မနေကြရဲလို့ ပြေးလာကြတာလေ"

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ နေ့တိုင်းနီးပါးလောက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့အတွက် စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ သံဃာတော်တွေနဲ့ ဒေသခံတွေ ဒီကနေ့ အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတော်သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။