ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့နဲ့ ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၄ ဦးကို မတရားအသင်းနဲ့ ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။
အမိန့်ချမှတ်ခံရသူတွေဟာ မင်းပြားက ၂ဦး၊ မြောက်ဦးက ၁ ဦးနဲ့ ဘူးသီးတောင်က ၁ဦး တို့ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အမှုကိုကူညီဆောင်ရွက်ပေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်အဖွဲ့ရဲ့ အတွင်းရေးမှူးဆရာတော် အရှင်သာဂရက မိန့်ပါတယ်။
"မနေ့က မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ ထောင် ၃ နှစ် ချမှတ်လိုက်တယ်၊ အကုန်လုံးစုစုပေါင်းက ၄ ယောက်ခင်ဗျ၊ ဘူးသီးတောင်ထောင်မှာပဲ ချထားတယ်လို့ သိရပါတယ်"
ပြစ်ဒဏ်ချမှတ်ခံရသူ ၄ဦးထဲမှာ ရက္ခိုင့်တပ်မတော်က ဒုတပ်ကြပ်အဆင့်ရှိသူ ၂ဦး နဲ့ တပ်သားအဆင့်ရှိသူ ၂ဦးဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေကို မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်နဲ့ ဘူးသီးတောင်မြို့နယ်ကနေ ပြီးခဲ့တဲ့နှစ် ဇွန်နဲ့ ဇူလိုင်လတွေမှာ အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်တရားရုံးမှာ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်မှတ်တိုင် အမှတ်- ၆၃ ၊ ၆၄ တို့မှာ မနေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီနေ့ ရေးသားထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
